Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, November 19, 2011

တန်ဖိုးရှိသော ပြိုင်ပွဲ


တစ်ခါက ရွာငယ်လေးတစ်ရွာမှာ အားကစားအလွန်လိုက်စားတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အရွယ်အားဖြင့်လည်း ဆယ်ကျော်သက်အရွယ်ဆိုတော့ သိပ်ကို လန်းဆန်းတက်ကြွနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အဲဒီရွာငယ်လေးမှာ အပြေးပြိုင်ပွဲတစ်ခု ကျင်းပဖို့ ရွာလူကြီးတွေက စီစဉ်ကြပါတယ်။ အဲဒီအခါ အားကစားအရမ်းလုပ်ချင်တဲ့ ယှဉ်ပြိုင်အနိုင်ရဖို့ သွေးဆာနေတဲ့ ကောင်လေးတစ်ယောက် အရမ်းကို သဘောကျနေပါတော့တယ်။

ဒီလိုနဲ့ ပြိုင်ပွဲနေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း များသလို၊ အားပေးကြတဲ့သူတွေနဲ့ ပြိုင်ပွဲဟာ အင်မတန်ကို စည်ကားနေပါတော့တယ်။ လက်ခေါက်မှုတ်ပြီး အားပေးတဲ့သူက အားပေး၊ ဝီစီမှုတ်ပြီး အားပေးသံတွေ၊ ကိုယ်အားပေးမယ့်သူရဲ့ နာမည်ကို တွင်တွင်ခေါ်သံတွေနဲ့ ပြိုင်ပွဲဟာ တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်နေပါတော့တယ်။ အားပေးတဲ့ ပရိတ်သတ်တွေထဲမှာ ပညာဥာဏ်နဲ့ ပြည့်စုံတဲ့ အဘိုးအို တစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ပြိုင်နေကြပါပြီ။ ငြင်းသံခုန်သံ အော်ဟစ်သံ ကလည်း ပိုပြီး ဆူညံနေပါတော့တယ်။


ဒီလိုနဲ့ အားကစားသမားကောင်လေး ယှဉ်ပြိုင်ရမယ့် အလှည့်ကို ကျရောက်လို့ လာပါပြီ။ သူနဲ့အတူ အခြားနှစ်ယောက် ယှဉ်ပြိုင်ပြီး ပြေးရမှာပါ။ သူရဲ့ ပြိုင်ဘက် နှစ်ယောက်လုံးဟာ သူနဲ့ အသက်အရွယ်ချင်းရော၊ ကိုယ်ခန္ဓာတောင့်တင်းကြံ့ခိုင်မှုခြင်းရော ညီမျှနေပါတယ်။ ဒိုင်က ဝီစီမှုတ်ပြီး အချက်ပေးလိုက်တာနဲ့ တပြိုင်နက် တက်ညီလက်ညီ ပြေးကြပါတယ်။ ဘယ်သူက သာလွန်တယ်၊ ဘယ်သူက နောက်ကျလွန်းတယ်လို့ မရှိဘဲ တကယ့်ကို ပွဲကြီးပွဲကောင်းပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အားကစားသမားကောင်လေး အနိုင်ရရှိသွားပါတယ်။ ကောင်လေး ပန်းဝင်သွားတယ်ဆိုရင်ပဲ ပရိတ်သတ်တွေဟာ မတ်တတ်ထရပ်ပြီး အားရပါးရ အားပေးကြပါတယ်။ ဒီမြင်ကွင်း ဒီအောင်မြင်မှုကို ကောင်လေး သိပ်သဘောကျပါတယ်။ ကိုယ့်ကိုကိုယ်လည်း သိပ်ကို ဂုဏ်ယူနေမိပါတယ်။ ဒီလိုနဲ့ ပြိုင်ပွဲ တစ်ခုက ပြီးဆုံးသွားခဲ့ပါတယ်။ ပညာရှိ အဘိုးအိုက ကောင်လေးရဲ့ အောင်မြင်မှုကို လက်ခုပ်တီး အားပေးရှာပါတယ်။ ဒါပေမယ့် သိပ်တက်ကြွတဲ့ အားပေးမှုမျိုးတော့ မဟုတ်ဘူးပေါ့။

ဒုတိယပြိုင်ပွဲ စတင်ပါပြီ။ ဒီတစ်ခါတော့ အရင်ပြိုင်ပွဲမှာ အနိုင်ရသူတွေ ပြန်တွေ့တာဆိုတော့ ပိုပြင်းထန်ပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။ ဒီတစ်ခါ ကောင်လေးတစ်ယောက် ပိုပြီး စိတ်မောနေမိပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ပြိုင်ဘက်တွေဟာ သူ့ထက် ခွန်အားချင်း သာလွန်နေတာကြောင့်ပါပဲ။ တကယ့်ကို ပြိုင်ပွဲကောင်းပါ။ အားပေးသံ၊ တောက်ခေါက်သံ နဲ့ အားမလိုအားမရသံတွေကလည်း ဆူညံနေပါတော့တယ်။ ကောင်လေးအဖို့ တကယ့်ကို ကျားကုတ်ကျားခဲ ပြိုင်ရတဲ့ ပြိုင်ပွဲပါ။ လက်လျှော့လိုက်ချင်တဲ့ စိတ်တွေတောင် ဖြစ်လာမိပါတယ်။

ဒါပေမယ့် မလျှော့တဲ့ဇွဲနဲ့ ကြိုးစားတဲ့အခါ ထပ်ပြီး ပြိုင်ပွဲမှာ အနိုင်ရပြန်ပါတယ်။ ဒီတစ်ခါ လက်ခုပ်သံတွေ အားပေးမှုတွေက ပထမတစ်ကြိမ်ထက် ပိုသာပါတယ်။ ကောင်လေးလည်း ကျေနပ်မီတိစိတ်တွေ တဖွားဖွား ပေါ့။ ပညာရှိအဘိုးအိုလည်း အရင်တစ်ခါကလိုပဲ တက်ကြွမှုကင်းစွာ အားပေးနေဆဲပါပဲ။

ဒီလိုနဲ့ နောက်ဆုံးပြိုင်ပွဲပဲ ကျန်ပါတော့တယ်။ ကောင်လေးတစ်ယောက်တော့ သူ့ပြိုင်ဘက်တွေဟာ ဘယ်သူများ ဖြစ်လေမလဲဆိုပြီး ရင်ခုန်နေပါတော့တယ်။ နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် အရင်ပြိုင်ပွဲတွေ ထက်ပိုပြီး အားစိုက်ရမယ်ဆိုတာ ကောင်လေး သဘောပေါက်ပါတယ်။ ဒါကြောင့် ရတဲ့အချိန်လေးမှာ ကြိုးစား လေ့ကျင့်နေပါတော့တယ်။

ကဲ... အားလုံးမျှော်လင့်နေတဲ့ နောက်ဆုံးပြိုင်ပွဲနေ့ ရောက်လာပါပြီ။ ကောင်လေးလည်း သူ့ရဲ့ ပြိုင်ဘက်တွေ ဘယ်သူများဖြစ်မလဲဆိုတာ စောင့်မျှော်ရင်းနဲ့ပေါ့။ ဒီလိုနဲ့ ပြိုင်ပွဲစဖို့ ဝီစီမှုတ်ချိန်ထိ ပြိုင်ဘက်နဲ့ တူတဲ့သူ တစ်ဦးတစ်ယောက်မှ ကောင်လေး မတွေ့မိပါဘူး။ နောက်ဆုံး ပြိုင်ပွဲကွင်းထဲ ဝင်ရောက်ချိန်မှာတော့ သူ့ရဲ့ ပြိုင်ဘက်တွေကို မမျှော်လင့်ထားတဲ့ အနေအထားနဲ့ တွေ့ရပါတယ်။ အကြောင်းတော့ သူ့ရဲ့ ပြိုင်ဘက် နှစ်ဦးဟာ တစ်ဦးက မျက်မမြင်ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အင်မတန်ကို ချည့်နဲ့ပြီး အိုမင်းလှပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်ပါ။ ပြိုင်ပွဲများ တစ်ခုခု လွဲမှားနေသလားလို့ ကောင်လေး အံ့သြနေတယ်။ ပညာရှိအဘိုးအိုက အံ့သြနေတဲ့ ကောင်လေးကို ပြုံးကြည့်ပြီး "ပြိုင်ပွဲစပြီလေကွာ" လို့ လှမ်း သတိပေးပါတယ်။

ဒီလိုနဲ့ ကောင်လေးလည်း ပြေးလိုက်တာ တခဏချင်းမှာပဲ ပန်းဝင်သွားပါတယ်။ သူ့ကို ဘယ်သူမှလည်း စိတ်မဝင်စားသလို သူ့အောင်မြင်မှုကို တစ်ယောက်တလေကတောင်မှ အားမပေးကြပါဘူး။ သူ့ရဲ့ ပြိုင်ဘက်တွေကို လှည့်ကြည့်လိုက်တော့ "တာထွက်" တဲ့နားမှာပဲ နှစ်ယောက်စလုံး တုန်ချည့်တုန်ချည့်နဲ့ ရှိနေကြပါသေးတယ်။ အဖြစ်အပျက်ကို နားမလည်နိုင်တော့တဲ့ ကောင်လေးဟာ "ဘာတွေလဲကွာ... ကျွန်တော့ အောင်မြင်မှုကို လူတွေက ဘာလို့ အသိအမှတ် မပြုတာလဲ" လို့ ညည်းတွားပါတယ်။ အဲဒီအခါ ပညာရှိအဘိုးအိုက "ပြိုင်ပွဲပြန်စကြတာပေါ့ ကောင်လေးရာ။ ဒီတစ်ခါ သူတို့နဲ့အတူတူ ပန်းဝင်နိုင်ဖို့ ကြိုးစား..." လို့ ပြုံးပြီး ပြောပါတယ်။

ဒါနဲ့ ကောင်လေးလည်း ပြိုင်ပွဲကို နောက်တစ်ကြိမ် ပြန်စပါတယ်။ ပညာရှိအဘိုးအိုပြောသလိုပဲ မျက်မမြင်နဲ့ အိုမင်းလှပြီဖြစ်တဲ့ အဘွားအိုတို့ကို လက်ချင်းတွဲပြီးပေါ့။ ဒီလိုနဲ့ တရွေ့ရွေ့နဲ့ သွားလိုက်တာ နောက်ဆုံးမှာ ပန်းတိုင်ကို ရောက်သွားကြပါပြီ။ အဲဒီအခါ ပရိတ်သတ်ဆီက ဘယ်လိုမှ မထင်မှတ်အောင်ကို အားပေးမှု ရရှိပါတယ်။ ကွင်းလုံးကျွတ် အော်ဟစ်ပြီး ဝမ်းသာအားရ အားပေးကြပါတယ်။ တစ်ချိန်လုံး တက်ကြွမှုကင်းစွာ အားပေးနေတဲ့ အဘိုးအိုကတောင် ဝမ်းသာအားရရှိနေပါတယ်။

ကောင်လေးတစ်ယောက် အရမ်းကို ပျော်နေပါတယ်။ ကောင်လေးလိုပဲ မျက်မမြင် နဲ့ အိုမင်းလှပြီ ဖြစ်တဲ့ အဘွားအိုကလည်း ပျော်နေပါတယ်။ ဒါနဲ့ ကောင်လေးက ပညာရှိအဘိုးအိုကို "အဘိုး... ပရိတ်သတ်တွေ ဒီလောက်ထိ အားပေးတာ တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့ ကျွန်တော်တို့ သုံးယောက်မှာ ဘယ်သူ့ကို အားပေးတာလဲဗျ" လို့ မေးလိုက်တယ်။ အဲဒီအခါ အဘိုးအိုက "သူတို့က တန်ဖိုးရှိတဲ့ ပြိုင်ပွဲကို အားပေးတာပေါ့ကွ" လို့ ပြောပြီး ကောင်လေးကို ဖက်လိုက်ပါတယ်။ ဆက်ပြီးတော့ "ကောင်လေး... ပြိုင်ပွဲဆိုတာ အနိုင်ရဖို့လို အတော်များများက ထင်တတ်ကြတယ်ကွ။ အနိုင်ရရင် ပျော်မယ်၊ ပီတိဖြစ်မယ်ပေါ့။ ဒါပေမယ့် လောကမှာ ကိုယ်မထင်ထားဘဲ ပီတိဖြစ်ရတဲ့ ပြိုင်ပွဲတွေလည်း ရှိပါတယ်ကွ။ တစ်ခါတရံ သနားညှာတာစိတ်၊ ပြိုင်ဘက်အပေါ် ကိုယ်ချင်းစာစိတ်တွေနဲ့ အောင်မြင်မှုအတွက် မျှဝေခံစားတတ်ခြင်းဟာ တကယ့်အောင်မြင်တဲ့ ပြိုင်ပွဲပါပဲလို့ ကောင်လေးကို ပြောလိုက်ပါတယ်။ ပညာရှိ အဘိုးအို ပြောသလိုပါပဲ။ ကောင်လေးအတွက်တော့ ဒီအောင်မြင်မှုအတွက် မျှဝေခြင်းဟာ ဘာမှ မဟုတ်ပေမယ့် မျက်မမြင်နဲ့ အဘွားအိုအတွက်တော့ စိတ်ဓါတ်ခွန်အားရစေတဲ့ ပြိုင်ပွဲပါ။

ဒီစာစုလေးကို ဖတ်ပြီး အားလုံးလဲ တန်ဖိုးရှိတဲ့ ပြိုင်ပွဲတွေ ဘဝမှာ ပိုင်ဆိုင်နိုင်ပါစေ။

W a i

( စာရေးသူ W a i ဟာ ကျွန်တော့ ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ပါ။ The Chic မဂ္ဂဇင်းမှာ လစဉ် သူပင်တိုင် ရေးသားနေတဲ့ Chicken Soup for Soul ကဏ္ဍထဲကနေ ဒီစာစုလေးတစ်ခုကို ရွေးချယ်ပြီး တင်ပြလိုက်တာပါ။ W a i ဟာ ကျွန်တော်နဲ့ စာရေး စာဖတ်ရာမှာ ဝါသနာတူကြပေမယ့် ခုချိန်မှာတော့ ကျွန်တော်က မီဒီယာ စီမံခန့်ခွဲမှုအပိုင်းကို လုပ်ဆောင်ဖြစ်နေပြီး သူကတော့ စာပေအနုပညာနယ်ပယ်ထဲမှာ လှုပ်ရှားနေတဲ့အပြင် ရုပ်ရှင်ဇာတ်ညွှန်းတွေလည်း ရေးသားပေးနေသူတစ်ယောက်ဖြစ်နေပါပြီ။ မကြာခင်လည်း သူရေးသားထားတဲ့ ဝတ္ထုတွေ ဖတ်ရတော့မှာပါလို့ ဒီနေရာကနေ စာရေးဆရာ W a i အကြောင်းကို အမှတ်တယ မှတ်တမ်းတင်လိုက်ရပါတယ်။ )

1 comments:

chocolatecupidlay said...

ဖတ်လို့လဲကောင်း
မှတ်သားစရာလဲကောင်ပါတယ်..
အားပေးပါတယ်ဝေကို