Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, November 25, 2011

မြန်မာ့နိုင်ငံရေးဇာတ်ခုံက တစ်ခန်းရပ်ဇာတ်ကောင် (သို့မဟုတ်) ရတနာနတ်မယ်


ရတနာနတ်မယ်ဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ခဏတာ ပါဝင်ကပြခဲ့တဲ့သူအဖြစ် လူသိများခဲ့သူပါ။ ၁၉၇၈ ခုနှစ် ဝန်းကျင်ခန့်ကမို့ စာရေးသူကျွန်တော်နဲ့ ဝေးကွာလွန်းပါတယ်။ ဒါပေမယ့်လည်း သူပါဝင်ကပြတဲ့ တဒင်္ဂဟာ မြန်မာပြည်သူတွေကြားမှာ ဝေဖန်စရာအမျိုးမျိုးပေါ်ပေါက်ခဲ့တယ်လို့ သိရတဲ့အပြင် ဒီတစ်လော ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာလည်း "ရတနာနတ်မယ်" ဟာ တကျော့ပြန်လို့ အသက်ဝင်လာတာကြောင့် ကျွန်တော့ Blog ပေါ်မှာ မှတ်တမ်းတင်ထားနိုင်ဖို့ လက်လှမ်းမီသမျှ စုစည်းလိုက်ပါတယ်။


ရတနာနတ်မယ်အကြောင်းပြောရရင် မြန်မာ့သမိုင်းကို ပြန်လှန်လှောရမလိုပါဘဲ။ အကြောင်းကတော့ ရတနာနတ်မယ်ဟာ ကနောင်မင်းသားကြီးရဲ့ မျိုးဆက်ဖြစ်နေလို့ပါ။ မင်းတုန်းမင်းတရားကြီးရဲ့ ညီတော် ကနောင်မင်းသားကြီးကို တူတော်မင်းသာတွေက လုပ်ကြံသတ်ဖြတ်ခဲ့လို့ ကံကုန်ချိန်မှာ ကနောင်မင်းသားရဲ့ သားတော် လင်းပင်မင်းသားကတော့ ကံကောင်းပြီး လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ ၁၈၈၅ ခုနှစ် မြန်မာနိုင်ငံကို ဗြိတိသျှတွေ သိမ်းပြီးချိန်မှာ လင်းပင်မင်းသား အရွယ်ရောက်လို့ နယ်ချဲ့ကို တော်လှန်ဖို့အတွက် ရှမ်းစော်ဘွားတွေနဲ့ ပေါင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှမ်းစော်ဘွားတွေကို ဗြိတိသျှတွေ သိမ်းသွင်းနိုင်ခဲ့တာမို့ လင်းပင်မင်းသားလည်း အတင်းအကြပ် အညံ့ခံခဲ့ရရှာပြီး ပြည်ပကို နယ်နှင်ဒါဏ် ပေးခံခဲ့ရပါတယ်။ နောက်ပိုင်း ပထမကမ္ဘာစစ်အပြီး ဗြိတိသျှ အစိုးရထံ ခွင့်တောင်းလို့ လင်းပင်မင်းသားတို့မိသားစု ပြည်တော်ပြန်ခွင့် ရခဲ့ပြီး ရန်ကုန်မှာ အခြေစိုက်နိုင်ခဲ့ပါတယ်။ ဒီ့နောက်တော့ သမီးတော် မလတ်ဟာ မြန်မာနိုင်ငံကို မြင်းပွဲစီးပွားရေး အတွက် ရောက်ရှိလာတဲ့ ဘဲလာမီ နဲ့ တွေ့ဆုံ ဖူးစာကြုံလို့ ၁၉၃၂ ခုနှစ်မှာ ဂျွန်ရို့စ်ဘဲလာမီ ခေါ် ရတနာနတ်မယ် ကို မွေးဖွားခဲ့ပါတယ်။ ရတနာကိုးသွယ်နတ်သမီးလို့ အဓိပ္ပါယ်ဆောင်တဲ့ ရတနာနတ်မယ်ဆိုတဲ့ အမည်ဟာလည်း သမိုင်းတွင် ခဲ့ပါတယ်။

ရတနာနတ်မယ် အသက် (၉) နှစ်မှာတော့ ရန်ကုန်ကို ဂျပန်တွေ လေယာဉ်ဗုံးကြဲခဲ့တာပေမယ့် ဗုံးဒါဏ်က လွတ်မြောက်ခဲ့ပြီး အိန္ဒိယကို စစ်ရှောင်ခဲ့ကြပါတယ်။ အိန္ဒိယမှာတော့ ကွန်ဗင့်ကျောင်းကို တက်ရောက်ပညာသင်ကြားခဲ့ပြီး အသက် (၁၄) နှစ်မှာတော့ ပြည်တော်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ မေမြို့ (ပြင်ဦးလွင်) မှာ နေထိုင်ခဲ့ပါတယ်။ အသက်အရွယ် တဖြည်းဖြည်းရလာတာနဲ့အမျှ အလှတိုးလာတဲ့ ရတနာနတ်မယ်ရဲ့ အလှကို ကမ္ဘာကတောင် ချီးကျူးစရာဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။ စစ်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Purple Plain နိုင်ငံခြားဇာတ်ကားအတွက် မင်းသား Gregory Peck နဲ့ တွဲဖက်လို့ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ဖို့အထိ အောင်မြင်ခဲ့ပါတယ်။ နောက်တော့ သူမ ကိုယ်တိုင်က မပါဝင်လိုတဲ့အတွက် တင်သွင်းထားတဲ့ အမည်စာရင်းကို နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ရတနာနတ်မယ်ဟာ ၁၉၅၄ ခုနှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှာ အလုပ်လုပ်နေတဲ့ အီတလီ ဆရာဝန် Mario Postiglione နဲ့ ဖူးစာဖက်ခဲ့ပြီး သား နှစ်ဦး ထွန်းကားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးချစ်ခရီးဟာလည်း သာယာဖြောင့်ဖြူးတဲ့ လမ်းတစ်ခုတော့ မဖြစ်ခဲ့ရှာပါဘူး။ ၁၉၆၃ ခုနှစ် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးတော့ ခင်ပွန်းသည်နဲ့ လမ်းခွဲခဲ့ကြပါတယ်။ သားနှစ်ယောက်ကိုတော့ ရတနာနတ်မယ်ကပဲ ဆက်ပြီးထိန်းသိမ်းခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာ မိခင် ထိပ်တင်လတ် အသည်းအသန် နာမကျန်းဖြစ်နေလို့ မြန်မာနိုင်ငံကို ပြန်ဖို့ရာ ဖြစ်လာပါတယ်။ ဒီမှာတင် ရတနာနတ်မယ်ရဲ့ ဖူးစာလမ်းက တစ်မျိုး ဖန်လာပြန်တယ်လို့ ဆိုကြပါတယ်။ ပြည်ဝင်ခွင့် ဗီဇာအခက်အခဲကို သူငယ်ချင်းဖြစ်သူ ကေတီ (ဒေါ်ခင်မေသန်း) ရဲ့ အမျိုးသား နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းထံ အကူအညီတောင်းခဲ့ရပါတယ်။ ဦးနေဝင်းက အကူအညီပေးနိုင်ခဲ့ပေမယ့် အသက်မမီတော့တဲ့အတွက် မြန်မာနိုင်ငံ ကို ပြန်မဝင်ဖြစ်ခဲ့တော့ပါဘူး။

နောက်တစ်နှစ်အကြာမှာတော့ ဦးနေဝင်း တစ်ယောက် ဇနီးသည် တိမ်းပါးသွားပြီး ဥရောပတိုက်ကို ရောက်လာခဲ့ချိန် မှာတော့ နှစ်ဦးသား ပေါင်းဖက်ဖို့ အကြောင်းဖြစ်လာပြန်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာပဲ လက်ထပ်ခဲ့ကြပြီး လက်ထပ်လို့ နောက်ငါးလအကြာမှာ နိုင်ငံအရေးမှာ သံသယပွားစရာ ကိစ္စများစွာနဲ့ လမ်းခွဲခဲ့ကြပြန်ပါတယ်။ သူမက "ဦးနေဝင်းနဲ့ ရက်ပေါင်းတစ်ရာ" စာအုပ်ကို ရေးထုတ်ဖို့ ကြံရွယ်ခဲ့သေးပေမယ့် အကြောင်းကြောင်းကို ထောက်ထားပြီး မရေးဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ခုချိန်မှာတော့ ရတနာနတ်မယ်ဟာ အသက် (၈၀) ဝန်းကျင် ရှိနေပြီး အီတလီမှာ ဟင်းချက်သင်တန်း နဲ့ စားသောက်ဆိုင်လေးကို ဖွင့်လှစ်လုပ်ကိုင်နေပြီး သားအငယ်က ရုတ်တရက် ယာဉ်မတော်တဆမှုနဲ့ တိမ်းပါးသွားရလို့ သားအကြီးဖြစ်သူနဲ့ ဘဝကို ငြိမ်းအေးစွာ ရှင်သန်နေထိုင်လျက် ရှိနေပါတော့တယ်။

သီဟလုလင်

1 comments:

chocolatecupidlay said...

မှတ်သားသွားပါတယ်ကိုသီပာရေ