Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, November 11, 2011

ကျွန်တော့ ဖေဖေ


ဖေဖေ....

ကျွန်တော် ဒီလိုခေါ်နိုင်ခွင့် မရတော့တာ နှစ်နှစ်တိတိတောင်ရှိသွားခဲ့ပြီ။

မေလ ၃၀ ရက်....

ဒီနေ့ဟာ ဖေဖေသာရှိနေဦးမယ်ဆိုရင် ဖေဖေရဲ့ မင်္ဂလာရှိတဲ့မွေးနေ့လေး ဖြစ်မှာပေါ့။

ကျွန်တော်ဘဝမှာ သေခြင်းတရားဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်တဲ့ အကြောင်းအရာလေးတစ်ခု အဖြစ်သာ သိထားခဲ့ပါတယ်။ ဆွေမျိုးသားချင်းထဲက နီးနီးစပ်စပ်ဆိုလို့ အမေရဲ့မောင် တစ်ယောက်သာ အသက်ငယ်ငယ်နဲ့ တိမ်းပါးဖူးခဲ့ပါတယ်။ ဒါပေမယ်လည်း ကိုယ်နဲ့ သိပ်မဆိုင်သလိုပဲ ခံစားထားခဲ့တာမို့ မေ့မေ့လျော့လျော့ပါပဲ။ ဒါပေမယ့် ခုလို ကိုယ်နေထိုင်တဲ့ အိမ်အဝန်းဝိုင်းထဲက၊ ကိုယ့်ရဲ့ အရင်းနီးဆုံးသူထဲက သေသွားတယ်ဆိုတာမျိုးကို ဖေဖေ ဆုံးတဲ့အချိန်မှ စပြီး ကြုံခဲ့ရတာပါ။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဆင်းရဲဆင်းရဲ၊ မာနတွေခေါင်ခိုက်နေပါစေ... အချိန်တန်တော့လည်း လူတိုင်းဟာ ဒီလမ်းကို တစ်နေ့သွားရတော့တာပါပဲလေ။


ဖေဖေဟာ မောင်နှမသားချင်း ၁၅ ယောက်လောက်ရှိတဲ့ သာမန် ကျောင်းဆရာမိသားစုကနေ မွေးဖွားကြီးပြင်းလာခဲ့တာမို့ တစ်မိပေါက် တစ်ယောက်ထွန်း ဘဝရောက်ဖို့ အတ္တတွေ တော်တော်ကြီးကြီးနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဆင်းရဲမှာကို သေမလောက်ကြောက်တတ်ခဲ့တဲ့ ဖေဖေ့ကို ဖေဖေ့ရဲ့မိဘတွေက နာမည်ကြီး မင်းသားနာမည်မှည့်ခေါ်ခဲ့ပါတယ်။ “မောင်ခင်မောင်ရင်” တဲ့။ ဖေဖေဟာ သာမန်ထက်ပိုကြည့်ကောင်းတဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ခဲ့ပေမယ့် သူ့ရဲ့အတ္တတွေက သူ့တစ်ကိုယ်လုံး ဖုံးနေခဲ့လိုက်တာ ဘယ်မိန်းမနဲ့မှ အဆင်ပြေပြေ မဖြစ်နိုင်ခဲ့ပါဘူး။ လူပီသဖို့ လူ့အတ္တရှိရမယ် ဆိုတဲ့အတိုင်း ဖေဖေဟာ ဆင်းရဲမှာကို ကြောက်လို့ ဘဝကို အခက်အခဲများစွာနဲ့ ဖြတ်ကျော်ခဲ့ပါတယ်။ ဖေဖေတို့ဟာ ကျောင်းဆရာမျိုးရိုး၊ ဗမာအရမ်းဆန်တဲ့ မိသားစုကြီးဖြစ်ပေမယ့် သူတို့နေရာ မဒေါက်-ရွှေကျင်ရပ်မှာ အိမ်ကြီးရခိုင်နဲ့ ချမ်းသာတဲ့အသိုင်းအဝိုင်း၊ သြဇာရှိတဲ့အသိုင်းအဝိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် မတည်ငြိမ်သေးတဲ့ နယ်မြေအခြေအနေမှာ ဖေဖေတို့ ရွာကြီးမီးလောင်ခဲ့ရပြီး ပျက်စီးကပ်ဆိုက်ခဲ့ရပါတယ်။ မြစ်ကမ်းဘေးမှာရှိတဲ့ ခြံကျယ်ကြီးကလည်း ကမ်းပါးပြို၊ ရေတိုက်စားတာကြောင့် တဖြည်းဖြည်း ပဲ့ကြွေလာတဲ့နောက်တော့ ဖေဖေဟာ ဒေသစွဲမကြီးမနေတော့ပဲ ရန်ကုန်မှာ တက္ကသိုလ်တက်ရင်း ဘဝကို စကျောင်းခဲ့ပါတယ်။ ကံအခွင့်အလမ်းသာလို့ အကောက်ခွန်ဦးစီးဌာနက အရာရှိငယ် စာမေးပွဲကို ဖြေခွင့်ရခဲ့ပြီး သူလိုချင်တဲ့ ဘဝလေးတစ်ခုကို တက်လှမ်းနိုင်ဖို့ ဖေဖေ့မှာ အခွင့်သာခဲ့ပါတယ်။

ဘဝကို တည်ငြိမ်အောင်ကြိုးစားနေရတဲ့ဖေဖေ့မှာ အရွယ်လွန်လာတဲ့နောက်တော့ ချင်းမလေး တစ်ယောက်နဲ့ ဆုံဆည်းဖို့ တမူးမြို့ကို တာဝန်ကျလာပါတယ်။ အမေဖြစ်သူနဲ့ ကုန်ကူးနေတဲ့ ကျွန်တော့မေမေနဲ့ အကောက်ခွန်စစ်ဆေးရေးကိစ္စတွေကြောင့် အမြဲလို ဆုံဆည်းခဲ့ရာက ၁၇ နှစ်ရွယ် ချင်းမလေးတစ်ယောက်နဲ့ ၃၅ နှစ်အရွယ် ဗမာလေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပါတော့တယ်။ အရွယ်ရဲ့ကွာဟချက်က အိမ်ထောင်ရေးမှာ ဘယ်လောက်ထိ ပြဿနာရှိစေသလဲဆိုတဲ့ သင်ခန်းစာကို ကျွန်တော့မိဘနှစ်ပါးကိုကြည့်ပြီး ဆင်ခြင်နိုင်ခွင့်ရခဲ့ပါတယ်။ မတူညီတဲ့ ဘဝအတွေ့အကြုံ၊ မတူညီတဲ့ အတွေးအခေါ်တွေကို စဉ်းစားပြောဆိုနေကြတဲ့သူနှစ်ယောက်ရဲ့ လျှောက်တဲ့လမ်းဟာ ဘယ်လိုမှ တစ်လမ်းတည်း မဖြစ်နိုင်တဲ့အဆုံးမှာ မေမေဟာ ကျွန်တော်တို့ရဲ့ အဝေးဆုံးကို ထွက်ပြေးသွားခဲ့ပါတယ်။ ဖေဖေဟာလည်း သူယုံကြည်တဲ့ အတ္တတွေကို ပိုက်ရင်းနဲ့ပဲ အရက်သာ အကောင်းဆုံးအဖော်ဖြစ်လာခဲ့ပါတယ်။ လူမှုရေးအရဆိုတာတောင် ရှောင်ခဲ့တဲ့ ဖေဖေဟာ ကိုယ့်အတ္တတွေကြောင့်ပဲ ဒီအရက်ကို ပျင်းလည်းသောက်၊ ပျော်လည်းသောက်၊ စိတ်ညစ်လည်းသောက်၊ မိုးရွာလည်းသောက်၊ နေပူလည်းသောက်နဲ့ ဖက်တွယ်ခဲ့လိုက်တာ တစ်နေ့ကို အရက် ထောင့်တစ်လုံး၊ တစ်ခါတလေ နှစ်လုံးထိ သောက်လာခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုချစ်တတ်သူမျိုးမို့လည်း ကျန်းမာရေးကို လိုက်စားနေရာက အစပိုင်းမှာ အစာကို နိုင်အောင်စားတတ်တဲ့ ဖေဖေဟာ နောက်တော့ အစားတောင် ကောင်းကောင်းမစားချင်တော့ပါဘူး။ ဒီ့ထက်ပိုပြီး ဖေဖေ့ဘဝကို ဆိုးရွားသွားစေတာကတော့ ဖေဖေတို့ ဌာနဝန်ထမ်းတွေကို အရာရှိကြီး ငယ်မရွေး ကြုံရတဲ့ ပြဿနာကြီးတွေ ကြုံတွေ့အပြီးမှာတော့ ဖေဖေဟာ ဘဝကို လုံးဝအရှုံးပေးသွားခဲ့ပါတယ်။

“သားရေ... ဖေဖေ ဒီနေ့ ဆေးသွားစစ်ခဲ့တယ်။ အကုန် ကောင်းတယ်တဲ့။ ငါ... အဲလောက် အရက်သောက်တာတောင် ဘာမှမဖြစ်ဘူးနော်.. ဟားဟားဟား”


ကျွန်တော် နည်းနည်းတော့ သံသယရှိနေခဲ့ပါတယ်။ ကျွန်တော်နဲ့ ဖေဖေဟာ ဘယ်တုန်းကမှ အဆင်ပြေပြေ မရှိခဲ့ပါဘူး။ ကျွန်တော့ဘဝမှာ ဖေဖေအတ္တတွေကြောင့် ငိုခဲ့ရတာလည်း မနည်းပါဘူး။ ဖေဖေနဲ့ မေမေရဲ့ ရန်ပွဲတွေကြားမှာပဲ ကြီးပြင်းခဲ့ရတာကြောင့် ကျွန်တော့မှာ တစ်ယောက်တည်းဆိုတဲ့ အားငယ်စိတ်တွေဟာ ခုထိရှိနေတုန်းပါ။ ကျွန်တော်ကို အမေဘက်ပါတဲ့သူအနေနဲ့ မကျေမချမ်းဖြစ်တတ်သူ၊ အဆိုးဆုံးက ကျွန်တော်ဟာ သူရဲ့သားမဟုတ်ပါဘူးဆိုတဲ့ စကားတွေနဲ့ ထိုးနှက်မှုတွေဟာ ဘဝမှာ ခံရအခက်ဆုံးတွေပါပဲ။ ဒါပေမယ့် ဖေဖေ့ရဲ့ လောင်းရိပ်အောက်မှာ ရပ်တည်နေခဲ့ရတော့ သူ့သဘောကို နောကျေနေခဲ့တာကြောင့် ကျွန်တော်ဟာ သံယောဇဉ်တစ်ခုကိုတော့ မွေးထားနိုင်ခဲ့ပါတယ်။ တစ်ခါတလေ သူနဲ့ အဝေးဆုံးထွက်ပြေးချင်နေပေမယ့် သူ့ရဲ့ အားငယ်တဲ့ မျက်လုံးတွေကို ကျွန်တော်ဖတ်တတ်နေခဲ့ပြန်တယ်။ ဒီလို အရက်တွေ နေ့တိုင်းနီးပါး အလွန်အကျူးသောက်နေခဲ့တဲ့သူရဲ့ အသည်းဟာ ကောင်းနေပါတယ်ဆိုတဲ့ အဖြေကို ယုံရခက်နေတာတော့ အမှန်ပါ။ ကျွန်တော်လည်း အတ္တကြီးသွားတယ်ဆိုရပါမယ်။ သူပျော်နေရင်ပြီးတာပဲလို့ ခံယူပြီး ကိုယ်ပျော်သလိုပဲ နေတတ်သွားခဲ့ပါတယ်။

“မေမေ ရန်ကုန်ရောက်နေပြီ...သားရေ၊ ဖေကြီးရော နေကောင်းရဲ့လား”

မထင်မှတ်တဲ့ အချိန်ကာလလေးဟာ ကျွန်တော့ဘဝမှာ ဝိုင်းဒိုင်းကြဲ ဝင်လာပြန်ပါတယ်။ မေမေက ရန်ကုန်ပြန်ရောက်ပြီး ကျွန်တော်တို့နဲ့ ပြန်လာနေတော့မယ်တဲ့။ ကျွန်တော့ရဲ့ ပီတိက ဘာနဲ့မှ နှိုင်းလို့မရအောင်ကို ဖြစ်သွားခဲ့တဲ့ အချိန်လေးပါ။ ဒါပေမယ့် ဇာတ်ပေါင်းခန်းဟာ အလွမ်းနဲ့ အဆုံးသတ်ဖို့ဖြစ်လာမယ်လို့တော့ ကျွန်တော်တွေးထင်မထားခဲ့မိဘူး။ မေမေ ပြန်ရောက်လာပြီး ၄ လလောက်အကြာမှာပဲ ဖေဖေဟာ သူ့ သူငယ်ချင်းတစ်ယောက်ရဲ့ အသုဘပို့ပြန်လာပြီးချိန်ကစလို့ နေထိုင်မကောင်းဖြစ်ခဲ့ပါတယ်။ မေမေဟာ ဖေဖေ့ရဲ့ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ကူညီလုပ်ဆောင်ပေးဖို့ ရောက်လာ သလိုပါပဲ။ တစ်လလောက် လဲလိုက် ထလိုက် ဖြစ်နေရာက လုံးဝ ဘုံးဘုံးလဲသွားခဲ့ပြီး ဖေဖေ့ရဲ့ နောက်ဆုံးအချိန်ကို တဖြည်းဖြည်းနီးကပ်လာပါတယ်။ သာမန်နေမကောင်းတာလို့ပဲယူဆထားတဲ့ ကျွန်တော်ဟာ သင်္ကြန်အတွက် ကြိုတင်ပြင်ဆင် နေခဲ့သလို ကျွန်တော့အလုပ်ကလွှတ်တဲ့ ခရီးစဉ် တစ်ခုကိုလည်း သွားလိုက်ပါသေးတယ်။ နေမကောင်းတာ ရက်ရှည်လာတဲ့ ဖေဖေ့ကိုတော့ စိတ်ထဲ တစ်မျိုးဖြစ်လာတာမို့ ခါတိုင်းမလုပ်ဖူးတဲ့ နယ်က ဖုန်းဆက်သတင်းမေးတာမျိုး မကြာခဏတော့ လုပ်ဖြစ်ပါတယ်။ ကျွန်တော် ခရီးက ပြန်ရောက်တဲ့ မတ်လ ၂၈ ရက်နေ့ မနက်မှာတော့ အထုတ်တွေချပြီး ဖေဖေ့ကို သတင်းမေးဖြစ်ခဲ့ပါတယ်။ အတော်လေးလန်းနေတာကြောင့် စိတ်တော့ မပူမိတော့ပါဘူး။ လျှာတော့ လေးနေသလိုရှိတာကြောင့် အရက်ဖြတ်သူတွေဖြစ်လေ့ရှိတဲ့ လေဖြတ်ချင်တာမျိုးဖြစ်မယ်ထင်ပြီး ဆေးလိမ်းပေးဖို့တောင် ပြောခဲ့ပါသေးတယ်။ ဆေးရုံတက်ဖို့ နားချတော့လည်း ခေါင်းမာစွာ လက်မခံခဲ့ပါဘူး။

အဲဒီနေ့ညတော့ မေမေက ညမအိပ်ပဲ စောင့်နေမယ်လို့ဆိုတာကြောင့်၊ လိုလည်း မလိုဘဲနဲ့လို့ တွေးမိပါတယ်။ မေမေ့ရဲ့ ဦးလေး (ကျွန်တော်ရဲ့ အဘိုးလေး) ကလည်း လာစောင့်ပေးတာကြောင့် စိတ်ထဲ ပူသလိုလိုဖြစ်မိပါတယ်။ ဖေဖေ ဘာမှ မဖြစ်ပါဘူး။

မနက်နိုးတော့ ဖေဖေနဲ့ စကားပြောလို့မရတော့ဘူး။ ဖေဖေ ပြောတာတွေ နားမလည်တော့ဘူး။ လျှာတော်တော်ကြီးကို လေးလံသွားပြီ။ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့ရုံးကိုနောက်ဆုံးတက်ပြီး ဖေဖေ့အနား နေပေးတော့မယ်လို့....။ ဒါပေမယ့် ရုံးရောက်ပြီး မိနစ် ၃၀ အတွင်းမှာပဲ ကျွန်တော် လက်ကိုင်ဖုန်းကို အိမ်ကလှမ်းခေါ်တာ တွေ့လိုက်ရလို့ ထိတ်ခနဲဖြစ်သွားရပါတယ်။ ဖေဖေက မေးနေလို့ အမြန်လာပါ။ ဖေဖေက အခြေအနေမကောင်းတော့ဘူးတဲ့။ ကျွန်တော် အံ့အားသင့်သွားရပါတယ်။ အခြေအနေက ဆိုးလာလိုက်တာ။


မတ်လ ၃၀ ရက်နေ့၊ မနက်မှာတော့ ဆရာဝန်တွေက အသည်းကင်ဆာလို့ ပြောသွားပါတယ်။ ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ ဆရာဝန်ကတော့ လူနာက နောက်ဆုံးအခြေအနေဖြစ်တဲ့အကြောင်း၊ လူနာဆန္ဒကို လိုက်လျောတာ ပိုကောင်းကြောင်း၊ လူနာက အသိလည်း မရှိတော့ကြောင်းဆိုလာပါတယ်။ အသည်းက အလုပ်မလုပ်တော့တဲ့အတွက် သွေးထဲမှာ အဆိပ်အတောက်တွေဖြစ်နေပြီး ဦးနှောက်ထဲတောင် ရောက်နေပြီမို့ သေဆုံးသလိုတောင်ဖြစ်နေပြီဆိုတာကြောင့် အသိ ဝင်တစ်ချက် မဝင်တစ်ချက် ဖြစ်နေတဲ့ ဖေဖေ့အတွက် သူ့ရဲ့ဘာသာအရ လုပ်သင့်လုပ်ထိုက်တာတွေကို မေမေက သေသေချာချာ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ညနေ ၃ နာရီလောက်မှာ ဖေဖေဟာ စကားမပြောတော့ပဲ အသက်သာမှန်မှန်ရှူနေပါတော့တယ်။ ဖေဖေဟာ နှာခေါင်းကနေရှူတာမျိုးမဟုတ်ပဲ ပါးစပ်ကနေ ရှူတာမျိုးလုပ်နေပြီး၊ ခြေထောက်တွေကစလို့ အသက်ရုတ်လာတာ တွေ့ရပါတယ်။ လူတစ်ယောက် အသက်ထွက်တာကို နှာဖူးတွေ့၊ ဒူးတွေ့ တွေ့မြင်ဖူးတာ ပထမဆုံးမို့ ကျွန်တော့အတွက် တုန်လှုပ်စရာကြီးပါပဲ။ အသက်လုံးလေးဟာ ခြေထောက်ကနေ ပေါင်၊ ပေါင်ကနေ ဗိုက်၊ ဗိုက်ကနေ ရင်ခေါင်း၊ ရင်ခေါင်းကနေ လည်ပင်းနားရောက်လာချိန်ကို တွေ့နေရပါတယ်။ အသက်လုံးလေး ပါးစပ်နားတက်လာပြီး ပါးစပ်ထဲက ထွက်ခါနီးမှာတော့ သေနေပြီလို့သိထားတဲ့ ဖေဖေ့ရဲ့ ကိုယ်ဟာ ရှိသမျှအားတွေ စုလိုက်သလိုဖြစ်သွားပြီးမှ အသက်က ငြင်ငြင်သာသာ ထွက်သွားပါတယ်။ ကျွန်တော်တို့ မိသားစုလည်း အဲဒီချိန်မှ ဝမ်းနည်းနိုင်ပါတော့တယ်။ အိမ်မှာပဲ ဆုံးတာရယ်၊ ဆုံးတဲ့အချိန်က ည ရး၁၅ နာရီ ဖြစ်နေတာရယ်ကြောင့် အိမ်မှာပဲထားရင်း ဖေဖေ့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ သဂြိင်္ုလ်တဲ့ကိစ္စတွေကို လုပ်ဆောင်ရပါတယ်။
ဖေဖေဆုံးပြီး နောက်မနက်မှာတော့ ကျွန်တော်ဟာ ဖေဖေ့နားမရောက်နိုင်ခဲ့အောင်ကို အလုပ်များ နေခဲ့ပါတယ်။ ကျွန်တော် ဖေဖေ့အနားမှာ အားရအောင်ငိုချင်တယ် ဖေဖေ။ အတ္တ၊ မာန၊ ရာထူးဂုဏ် မက်ခဲ့ မောက်ခဲ့တဲ့ ဖေဖေရဲ့ နောက်ဆုံးချိန်မှာ ဖေဖေ့ဆီ ဘာမှပါမသွားဘူးဆိုတာ ကျွန်တော်တွေ့ခဲ့ရပြီလေ။ ကျွန်တော်ငယ်ငယ်က သိပ်တောင့်တခဲ့တဲ့ အေးချမ်းတဲ့ မိသားစုဘဝလေး ပြန်ရပြီဆိုချိန်မှာ ဖေဖေဟာ လောကကြီးကနေ ထွက်ခွာသွားရပြီ။

ဖေဖေရေ.... ဘဝကို ဇနီး၊ သားသမီး၊ သူငယ်ချင်းနဲ့ ဆွေမျိုးတွေ ပစ်ပြီး အတ္တ၊ မာနတွေကြီးခဲ့လို့ အထီးကျန်နေခဲ့ရတဲ့ ဖေဖေကို ခုလိုချိန်မှာ ကြည့်ပြီး အရမ်းဝမ်းနည်းတယ်။ ဖေဖေ့ဘဝမှာ ပျော်ရွှင်စရာရော ကောင်းခဲ့ရဲ့လားဗျာ။ ကျွန်တော် သိတယ်.... ဖေဖေဟာ ခုလိုချိန်မျိုးမှာ လုံးဝထွက်သွားချင်မှာ မဟုတ်ဘူးဆိုတာ...။ သားသမီးတွေ အစုံအလင်နဲ့ သားသမီးတွေရဲ့ လစာကို အခန့်သား ထိုင်စားနိုင်ခဲ့ပြီ။ ဇနီးသည်ကလည်း အနားမှာ ရောက်နေခဲ့ပြီဆိုတဲ့ အချိန်မျိုးမှာတော့ သူသူကိုယ်ကိုယ် ထွက်သွားချင်မှာ မဟုတ်ပါဘူး။

ကျွန်တော်နဲ့ ဘယ်တော့မှ မတည့်ခဲ့သော ကျွန်တော် ချစ်ရတဲ့ ဖေဖေဟာ ခုချိန်မှာတော့ မြတ်သော နေရာတစ်ခုမှာ ရောက်ရှိနေခဲ့လိမ့်မယ်လို့ ယုံကြည်ရင်း ချစ်သော ကျွန်တော့ဖေဖေနဲ့ ကမ္ဘာပေါ်က အဖေတိုင်းအတွက် ဆုတောင်းပေးလိုက်ရပါတယ်ဗျာ။



သီဟလုလင်

4 comments:

chocolatecupidlay said...

အရမ်းဝမ်းနည်းတယ်...ဖတ်မိတိုင်း..:(

Thiha Lu Lin said...

ညီနဲ့ အစ်ကိုနဲ့က ဘဝတူတွေမို့ ကိုယ်ချင်းစာပါတယ်။ ညီ့ဆီမှာလည်း ဒီလို ရေးလို့ရမယ့် ခံစားချက်လေးတွေ ရှိမယ်လို့ ယုံတယ်။ ညီ ရေးမယ့် စာလေးတွေကိုလည်း ဖတ်ချင်နေမိပါတယ်။

RaBBit said...

ဖတ်ပြီး ထပ်တူထပ်မျှ ၀မ်းနည်းမိတယ်။

ငြိမ်းမိန်းကလေး said...

ဖတ်ပြီး စိတ်မကောင်း အရမ်းဖြစ်မိတယ်။