Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, November 11, 2011

အစွန့်ပစ်ခံရခြင်းသည်….

ကျွန်တော်တို့တွေရဲ့ဘဝမှာ အရွယ်ကပေးတဲ့ ရင်ခုန်သံနဲ့ အချစ်တစ်ခုကို ယုံကြည်စွာ မွေးဖွားသန့်စင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း အကြောင်းမတိုက်ဆိုင်တဲ့အခါမှာ ချစ်သူရဲ့ ရက်ရက်စက်စက်စွန့်ပစ်ခြင်းကို ရင်နင့်စွာခံစားခဲ့ကြရတယ်။ ကိုယ်ရဲ့ ချစ်သူက ကိုယ့်ကို ပစ်ပယ်စွန့်ခွာသွားတဲ့အခါ ခံစားရတဲ့ ခံစားချက်ဘယ်လောက်ကြီးမားလဲ ဆိုတာ အချစ်ကို ခံစားဖူးသူတိုင်း သိကြမှာပါ။ ခုချိန်ထိ ချစ်သူရဲ့ စွန့်ခွာသွားခြင်းမခံရသေးသည့်တိုင် လက်ရှိတွဲနေတဲ့ ချစ်သူကများ ငါ့ကို စွန့်ခွာသွားရင် ငါ ဘယ်လိုခံစားရမလဲလို့ တွေးကြည့်လိုက်ရုံနဲ့တင် မြင်သာထင်သာရှိပါတယ်။ ဒါဟာ ချစ်သူရဲ့ စွန့်ပယ်ခံရမှုပါ။ ဒါပေမယ့် ချစ်သူဆိုတာကတော့ အစားထိုးမယ်ဆိုရင် အစားထိုးလိုက်လို့ရတဲ့ အရာတစ်ခုဆိုတာလည်း ကျွန်တော်တို့အားလုံး သိထားပြီးသားပါပဲလေ။

ဒါဖြင့်ရင် အစားထိုးလို့ မရတဲ့သူက ကျွန်တော်တို့ကို စွန့်ပစ်သွားတဲ့အခါမှာဆို ကျွန်တော်တို့တွေ ဘယ်လောက်တောင် ခံစားလိုက်ရမလဲဆိုတာ တွေးကြည့်ဖူးပါသလား။


ဒီနေ့ ကျွန်တော် သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ သုံးနှစ်အရွယ်ကလေးငယ်လေးတစ်ဦးကို အောင်မင်္ဂလာ အဝေးပြေးကွင်းထဲမှာ စွန့်ပစ်ထားခဲ့တယ်တဲ့။ နောက်သတင်းလေးတစ်ခုကလည်း ရွှေတိဂုံဘုရားပေါ်မှာ ကလေးငယ် တစ်ဦးကို စွန့်ပစ်ထားခဲ့ပါတယ်တဲ့။ ဆက်တိုက်ပဲ ဖတ်ရတဲ့သတင်းကလည်း မိဘမဲ့ဂေဟာတွေမှာ မွေးကင်းစကလေး စွန့်ပစ်သူတွေ ဒီနှစ်ပိုင်းတွေမှာ တော်တော်များများ ရောက်ရှိလာပါတယ်တဲ့လေ။ ကျွန်တော် အံ့အားသင့် တုန်လှုပ်သွားမိတယ်။ အဲဒီကလေးငယ်တွေရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာမိရင်း ဝမ်းနည်းယူကြုံးမရလည်း ဖြစ်မိတယ်။
ကျွန်တော် ငယ်ငယ်က ၈ နှစ်အရွယ်လောက်က ဖေဖေ တာဝန်ကျတဲ့ မော်လမြိုင်မြို့ကို မေမေတို့နဲ့အတူ လိုက်လည်ခဲ့ကြတယ်။ အဲဒီအချိန်က မုတ္တမနဲ့ မော်လမြိုင်ကို ခုလို တံတားဖြတ်ပြီး အချိန်တိုအတွင်း အလွယ်တကူ သွားလို့ မရခဲ့ပါဘူး။ ဇက်သင်္ဘော ဒါမှမဟုတ် ရိုးရိုးသင်္ဘော တစ်ခုခု စီးပြီး မြစ်ကို ဖြတ်ကူးကြရတာပါ။ ကျွန်တော်တို့ မော်လမြိုင် အလာတုန်းကတော့ ဇက်သင်္ဘော စီးဖို့ အချိန်ကိုက် ရောက်လာတာမို့ သက်တောင့်သက်သာနဲ့ စီးခွင့်ရခဲ့သလို၊ အသက်အန္တရာယ်လည်း ရိုးရိုးသင်္ဘောထက် ပိုစိတ်ချခဲ့ရပါတယ်။ မော်လမြိုင်ကနေ ရန်ကုန်ပြန်ဖို့ မြစ်ကူးချိန်မှာတော့ ကျွန်တော်တို့ မိသားစုတွေ ဟိုတယ်က ထွက်တဲ့အချိန်နောက်ကျတာမို့ သင်္ဘောဆိပ်ရောက်ချိန်မှာ ဇက်သင်္ဘောက ထွက်ခါနီးနေပါပြီ။ မနက်အလင်းရောင်တောင် မလာသေးခင်မှာ အဲဒီဇက်သင်္ဘောမှာလည်း လူအပြည့်ပေါ့။ ဈေးရောင်း ဈေးဝယ်တွေ၊ ဝန်ထမ်းတွေပါတဲ့ သင်္ဘောဖြစ်ပုံရပါတယ်။ ရထားမမီမှာ စိုးတာ တစ်ခုတည်းနဲ့ မိသားစုတွေ အမြန်လက်မှတ်ဝယ်ပြီး အဲဒီဇက်သင်္ဘောပေါ် အမီတက်ဖို့ ပြေးကြတယ်။ အဲဒီမှာ ကလေးဖြစ်တဲ့ ကျွန်တော်က နောက်ကျ ကျန်ခဲ့ပြီး မေမေတို့နဲ့ လူစုကွဲသွားပါတယ်။ ကိုယ်တွေလိုပဲ သင်္ဘောဆိပ်မှာ အပြေးအလွှားသွားတဲ့သူ များတာကိုး။ ကျွန်တော် သင်္ဘောဆိပ် ဘောတံတားပေါ်ရောက်တော့ ဇက်သင်္ဘောက ကမ်းကနေ ခွာနေတာ လူကြီး တစ်တောင်ကျော် လောက် ရှိသွားပြီ။ သင်္ဘောပေါ်က တာဝန်ရှိလူကြီးတစ်ယောက်က သင်္ဘောအဝင်ပေါက်ကို လက်နဲ့ကာထားတယ်။ ပြီးတော့ အော်တယ်။
“ဟိုကလေး ရှေ့မတိုးနဲ့ ရှေ့မတိုးနဲ့၊ ရေထဲပြုတ်ကျမယ်” တဲ့။
ဒါပေမယ့် ကျွန်တော့အသိထဲမှာက မေမေတို့တွေ အားလုံး ဇက်သင်္ဘောပေါ်ပါသွားပြီး ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော်က အဲဒီ ကမ်းခွာနေတဲ့ သင်္ဘောပေါ်ကို ခုန်တက်ဖို့ အခွင့်အလမ်းရှာနေချိန်မှာ အဲဒီလူကြီးရဲ့ အသံနဲ့ ဘေးက ဈေးသည်အဒေါ်ကြီးတွေရဲ့ အော်သံကြောင့် ကျွန်တော် အသိပြန်ဝင်ခဲ့ပါတယ်။ အဲဒီချိန်မှာ ခံစားလိုက်ရတာက ကျွန်တော့ကို မေမေတို့တွေ စွန့်ပစ်ထားခဲ့ကြပြီဆိုတာပါပဲ။ ဝမ်းနည်းမှု၊ ယူကြုံးမရဖြစ်မှုတွေက ဖော်မပြတတ်အောင် ကျွန်တော့တစ်ကိုယ်လုံးမှာ ထက်အောက် စုန်ဆန်ကူးခတ်နေကြတယ်။ အဲဒီအချိန်မှာ “သား” ဆိုတဲ့ မေမေ့ အော်သံ ကြားလိုက်ရလို့ အတိုင်းမသိ ပျော်ရွှင်သွားခဲ့တာကို အမှတ်ရနေဆဲပါပဲ။
မိဘတွေဟာ သားသမီးတွေကို ချစ်တဲ့စိတ် ကိုယ်စီရှိကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေ အကြောင်းကြောင်းတွေကြောင့် ခုလို ကလေးမွေးပြီးပစ်သွားတာမျိုးဖြစ်နေကြလဲဆိုတာ မယုံနိုင်အောင်ပါ။ မွေးကင်းစမှာပစ်သွားတယ်ဆိုတာမျိုးမှာလည်း ကိုယ်က ကိုးလတောင်လွယ်လာပြီးပြီပဲ အကောင်အထည်လေးပေါ်လာမှ ပစ်ပယ်ရတာ မနှမြောဘူးလားဗျာ။ အရာရာ ဆုတ်တဲ့ဘက်ရောက်နေတဲ့ အချိန်အခါမို့ လူတိုင်း ကိုယ့်ဝမ်းတစ်ထွာအတွက် ခဲယဉ်းစွာ အသက်မွေးနေကြရတာ လက်ခံပါတယ်။ ကလေးတွေကို မမွေးခင်နဲ့ မွေးပြီးမှ ရှင်းလင်းပစ်တာမျိုးနဲ့ စွန့်ပစ်သွား တာမျိုးကို ကျွန်တော် ရှုတ်ချပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းတရားတွေက နေ့စဉ် မကုန်နိုင် မခမ်းနိုင် ရှိနေဆဲပဲမို့ ကျွန်တော်တို့တွေ ဒီအစွန့်ပစ်ခံကလေးငယ်တွေအတွက် ဘာလုပ်ပေးကြမလဲ ဆိုတာကို စဉ်းစားရပါတော့မယ်။
ဒီဘက်ခေတ် တချို့မိဘတွေကိုလည်း ကျွန်တော် အံ့အားသင့်မိပါတယ်။ တစ်နေ့က ဖတ်ရတဲ့ သတင်းထဲမှာ မြန်မာနိုင်ငံထဲကပဲ အဖေက အရက်မူးပြီး ခြောက်နှစ်အရွယ်သမီးကို ရိုက်လို့ သေသွားသတဲ့။ အမေက တရားလိုလုပ်ပြီး အမှုဖွင့်ရပါသတဲ့ဗျာ။ တော်တော် စိတ်မကောင်းစရာ သတင်းပါ။ ဒီသတင်းတွေ ဖတ်ရကြားရတော့လည်း ကိုယ့်ကို ခုချိန်ထိအောင် ကြည့်ရှုစောင်မပေးနေတဲ့ ကိုယ့်မိဘတွေရဲ့ ကျေးဇူးကို ဆင်ခြင်အောက်မေ့မိပြန်ပါတယ်။

ကဲ ကျွန်တော်တို့တွေရော အစွန့်ပစ်ခံကလေးငယ်တွေအတွက် ကိုယ်စွမ်းသရွှေ့ ဘာတွေ လုပ်ပေးကြမလဲ။ အရင်က စွန့်ပစ်ကလေးဆိုတာမျိုးဟာ ကိုယ့်နိုင်ငံနဲ့မဆိုင်သလို ကမ္ဘာ့သတင်းမှာချည်း ကြားရတဲ့ ပုံပြင်ဆန်ဆန်ကိစ္စတွေက ခုဆို ကျွန်တော်တို့ဆီမှာပါ ဖြစ်ပျက်လာနေပြီမို့ တတ်အားသမျှ အသိပညာပေးဖို့ နဲ့ အစွန့်ပစ်ခံကလေးတွေအတွက် ခိုလှုံရာလိုအပ်ချက်တွေအကြောင်း ကျွန်တော်ခံစားရသမျှ ဝေမျှလိုက်ပါတယ်။

                                                                                                                                                             သီဟလုလင်

3 comments:

chocolatecupidlay said...

စဉ်းစားစရာပဲ...ဘာလုပ်ပေးကြမလဲ

lwannaung said...

အင်းးးးး တွေးစရာတွေပေါ့ဗျာ.။
ကိုယ်တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြတာပေါ့..။

ရေများရာမိုးရွာ
ကြာတော့လည်းဗွက်ပေါက် .။
ရေလိုမြေ
နွေကိုနေ ဆယ်ပြန်ဆက်.
ကွဲအက်သွေ့ခြောက်...။

နွေဦးကျိုင်း..။

Thiha Lu Lin said...

လွမ်းနောင် ရေးထားတာလေး မိုက်တယ်။

ဟုတ်တယ် ညီလေး ချော်ကို ရေ... ဘာလုပ်ပေးရမလဲ စဉ်းစားရတယ်။ စဉ်းစားနေရင်းနဲ့ပဲ ဘာမှ မလုပ်ပေးဖြစ်မှာလဲ စိုးရိမ်မိပါတယ်။