Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, December 07, 2011

ကျွန်တော်နှင့် ဖနွမ်းပင် (၂)

မြစ်ကမ်းဘေးက နိဗ္ဗာန်ဘုံ

River Side ရဲ့ အတွင်းဘက် ပလက်ဖောင်း နဲ့ River Town
ကျွန်တော် ဖနွမ်းပင်ကို နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ရောက်ခဲ့တာမို့ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ ဖနွမ်းပင်ရဲ့ ပထမဆုံး Weekend အလုပ်နားရက်လေးကို ဒီဇင်ဘာလ (၃) ရက်နေ့မှာ စပြီး ရခဲ့တာမို့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်းနဲ့ပဲ ဘယ်မှ မသွားဖြစ်လိုက်ပါဘူး။ စနေနေ့ ညဘက်မှာတော့ ကျွန်တော့ ရုံးက လုံခြုံရေးပိုင်းကို တာဝန်ယူတဲ့ အရာရှိ တစ်ဦးရဲ့ အကူအညီနဲ့ ဖနွမ်းပင်ရဲ့ လူပြောများ စည်ကားလှတဲ့ ဖောရိန်းနာ မြို့တော်ကို ရောက်ရှိခဲ့ပါတယ်။ ဒါ ကျွန်တော့ဘာသာ နာမည်ပေးထားတာပါ။ သူတို့ကိုယ်တိုင်လည်း အဲဒါကို လက်ခံပါတယ်။

ဖောရိန်းနာ မြို့တော်ဆိုတာ ဖနွမ်းပင်ရဲ့ River Side ကို ပြောတာပါ။ အဲဒီကို ရောက်သွားတော့ လမ်းရဲ့ တစ်ဖက်ခြမ်းမှာ အပြောကျယ်တဲ့ မြစ်ပြင်ကြီးကို တွေ့မြင်နေရပြီး လေညင်းခံသူတွေ၊ စကားပြောသူတွေ၊ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ပျော်နေကြသူတွေ၊ ချစ်ခြင်းနှောနေတဲ့ စုံတွဲတွေ၊ လမ်းလျှောက်ထွက်လာသူတွေနဲ့ ပြည့်ကျပ် စည်ကားနေပါတယ်။ ကျွန်တော်တို့ ရန်ကုန်က ဗိုလ်တထောင်ဆိပ်ကမ်းကို သတိရမိပါတယ်။ သူတို့ကတော့ သေသပ်ပြီး လမ်းလျှောက်အပန်းဖြေချင်စရာ ကောင်းအောင် ဖန်တီးထားတော့ ကမ်းခြေလေး တစ်ခုကို ရောက်နေရတယ်လို့ မှတ်ရပါတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က ည မိုးချုပ်နေပြီမို့ ညနေခင်းလောက် မလှတော့ပါဘူး။ အကြောင်းက သူတို့ရဲ့ မြစ်ဘက်အခြမ်းကို မီး မထွန်းပေးထားဘဲ။ အတွင်းဘက် ပလက်ဖောင်းကိုပဲ မီးပြပြ ထွန်းပေးထားလို့ပါ။ ခပ်နွမ်းနွမ်း အဝတ်အစားတွေနဲ့ ကလေးငယ်တွေ၊ မိန်းမတွေကို တွေ့ရပေမယ့် သူတို့က ကျွန်တော်တို့ဆီမှာလို ပိုက်ဆံလိုက်တောင်းနေကြတာ မဟုတ်ပါဘူး။ လမ်းပေါ်က ရောင်းစားလို့ ရနိုင်တဲ့ ရေသန့်ဘူးလိုဟာတွေကို လိုက်ကောက်နေကြတာပါ။ ညရဲ့ အလှနဲ့အတူ အပြိုင်လှနေကြတဲ့ ဖနွမ်းပင်သူလေးတွေအချို့ကတော့ အရောင်အသွေးစုံ ဆင်မြန်းလို့ တစ်ဦးဦး လာခေါ်မှာကို မျှော်လင့်နေကြတာကိုလည်း မျက်စိထဲ ဖြတ်ခနဲ တွေ့လိုက်ရပါသေးတယ်။ ဒါလည်း နေရာတိုင်းမှာ ရှိတတ်တာမို့ ထူးခြားမနေပါဘူး။ သို့ပေမယ့်လည်း ပိုပြီး ပွင့်လင်းရဲတင်းတဲ့ အပြုံးနဲ့ လှုပ်ရှားမှု ဟန်ပန်တွေတော့ ရှိတာပေါ့။ အကြောင်းက သူတို့မှာ အခွင့်အရေး အပြည့် ရှိပြီးသားလေ။

တစ်ဖက်လမ်းမှ မြင်ကွင်း
သင်္ဘောတချို့လည်း မြစ်ထဲမှာ ဟိုဒီ သွားလာနေတာကို တွေ့ရပါသေးတယ်။ မြစ်လေတိုးတာမို့ အေးမြမြ ခံစားနေရပေမယ့်လည်း တစ်ဖက်ခြမ်းက အပူတွေက ဒီဘက်ကို လာဟပ်တာကြောင့် ထင်သလောက်တော့လည်း အေးမြမနေပြန်ပါဘူး။ ကျယ်ဝန်းလှတဲ့ မြစ်အလှကြည့်နေရာလေးရဲ့ တစ်ဖက်မှာက အနောက်နိုင်ငံတွေရဲ့ ဟန်အပြည့်တည်ဆောက်ဖွဲ့စည်းထားတဲ့ ဘီယာ၊ အရက်၊ ကလပ် နဲ့ စားသောက်ဆိုင်တွေရှိလေရဲ့။ ကျွန်တော်တစ်ဖက်လမ်းကို ကူးပြီး လမ်းလျှောက်ကြည့်တော့ ကျွန်တော့စိတ်မှာ ဇဝေဇဝါဖြစ်သွားတယ်။ ငါရောက်နေတာ အာရှနိုင်ငံတစ်ခုမှ ဟုတ်ရဲ့လားပေါ့။ အံ့အားသင့်စရာကောင်းအောင် လူဖြူတွေချည်း သွားလာ လှုပ်ရှားနေကြပါတယ်။ ဘယ်ကို ကြည့်ကြည့် လူဖြူတွေ စားနေသောက်နေကြတာ၊ စကားပြောနေကြတာ၊ လမ်းလျှောက်နေကြတာ၊ ဈေးဝယ်နေကြတာ၊ အစုံပါပဲ။ ဆိုင်တွေရဲ့ အပြင်အဆင်တွေကလည်း ဥရောပဟန်တွေနဲ့မို့ ကမ္ဗောဒီးယားရဲ့ ဖနွမ်းပင်မြို့မှာ ရောက်နေတယ်ဆိုတာ မေ့သွားစေတယ်။ ဒီနေရာမှာ Night Life က အရမ်းဖွံဖြိုးနေပါတယ်။ အပျော်အစုံကို ထူးထူးခြားခြားလေး ရှာဖွေနိုင်ပါတယ်။ ပိုက်ဆံသာ ပါ ပါစေပေါ့။ ဒီနေရာလေးမှာ စောစောက မြစ်ဆိပ်နားက မိန်းကလေးတွေထက် ပိုပြီးဆန်းပြားတဲ့ မိန်းကလေးတွေကို လူဖြူတွေနဲ့ ဖက်လျက် ပွေ့လျက်တွေ့ရတတ်တယ်။ အချို့ကလည်း ခေါ်သူမလာသေးလို့ တုတ်တုတ်တွေပေါ် ထိုင်လျက် လမ်းမတလျှောက် သွားလာနေတဲ့လူတွေကို ငေးမော ညို့ငင်ရင်းပေါ့။

River Side ကနေ တစ်ဖက်ကို
မီးရောင်စုံတွေက ကလပ်၊ ဘား နဲ့ စားသောက်ဆိုင်တွေအဖြစ် သီးသီးသန့်သန့်လေး ကွဲပြားစွာ ခံစားနိုင်စေပါတယ်။ ကလပ်တို့ ဘားတို့ဆိုရင် နီယွန်မီးတွေက ပြိုးပြိုးပြက်ပြက်နဲ့ အပြိုင်ကြဲနေကြသလို၊ အဆင့်မြင့်စားသောက်ဆိုင်တွေကတော့ တည်ခံ့တဲ့ မီးဝါ ငြိမ်ငြိမ်ကို ခပ်မှိန်မှိန်လေး ထွန်းညှိထားကြပါတယ်။ ဒီကိုမလာခင်ကတည်းက ကျွန်တော် ကြိုတင်လေ့လာထားလို့ သိရတဲ့ နာမည်ကျော် ကလပ်နဲ့ ဘားတစ်ချို့ကိုလည်း အဲဒီ River Side Town မှာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် နေရာအားလုံးဟာ လူဖြူတွေနဲ့ချည်း ပြည့်နှက်နေတာမို့ ကျွန်တော့အတွက်တော့ အဆင်မပြေလှပါဘူး။ ကျွန်တော်က လူဖြူတွေကို သိပ်သဘောမကျဘူး။ အာရှနိုင်ငံတွေရဲ့ ပုံစံကို ပိုသဘောကျတတ်သူမို့ ပျင်းစရာကောင်းလာပါတယ်။ လမ်းအတွင်းပိုင်းမှာတော့ ခပ်နှံနှံ စားသောက်ဆိုင်လေးတချို့ရှိပြီး အဲဒီနေရာတွေမှာတော့ ဒေသခံတချို့တွေ့ရပါတယ်။ ရုပ်ရှင်ရုံတွေကိုလည်း တွေ့ရပါသေးတယ်။ ဒါပေမယ့် သူတို့ ကြော်ငြာထားတာကိုက လူဖြူတွေအတွက် ဦးစားပေးထားသလို ကြော်ငြာထားတာ တွေ့ရပါတယ်။ အပြောကျယ်တဲ့ ပျော်ရွှင်ခြင်းနိဗ္ဗာန် River Town ကတော့ သိပ်ကျယ်ကျယ် မရှိလှပါဘူး။ မိနစ် ၃၀ အတွင်း River Town က မီးရောင်စုံတွေနဲ့ နေရာအနှံ့ကို လည်ပတ်ကြည့်ရှုနိုင်ပါတယ်။ ဈေးနှုန်းအနေအထားကတော့ အခြားနေရာက ဆိုင်တွေထက် နည်းနည်းလေး ကြီးပါတယ်။ ဒါပေမယ့်လည်း သူ့အရပ်နဲ့ သူ့ဇာတ်လေ။ ကိုက်ပါတယ်။ လူဖြူတွေအများဆုံးလာရောက်လည်ပတ် နားနေတဲ့နေရာဖြစ်လို့ နိုင်ငံခြားသားတွေ အဆင်ပြေအောင် ဗီဇာသက်တမ်းတိုးတာတွေကို ရန်ကုန်က ဖုန်းရုံလေးလို ရုံသေးသေးလေးတွေနဲ့ ဝန်ဆောင်မှုပေးကြပါတယ်။ ဒီမှာကျတော့လည်း ဒါမျိုးတွေက လွယ်လိုက်တာနော်လို့ တွေးမိသွားပါတယ်။

ဘာပဲဖြစ်ဖြစ် ဖနွမ်းပင်ရောက်လို့ အပျော်ရှာချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ညဘက် အလည်ထွက်လို့ အကောင်းဆုံးပေါ့။ ကိုယ့်ရဲ့ ချစ်ချင်နေတဲ့ အပျော်စိတ်ကိုလည်း ဒီနေရာမှာ ပေါက်ကွဲနိုင်တယ်လေ။ ကျွန်တော့အတွက်တော့ ဖနွမ်းပင်ရဲ့ River Town ဟာ ကိုယ်နဲ့ သိပ်မဆိုင်လှတဲ့ တခြားကမ္ဘာက နိဗ္ဗာန်ကြီး တစ်ခုပါပဲ။

ဆက်ပါဦးမယ်။
သီဟလုလင်

2 comments:

Eric Phyosakee said...

မရောက်ဖူးသေးပေမယ့် ဒီထက်ပိုပြီး ဖတ်ချင်သေးပါတယ် ကိုသီဟရေ.. ။ =)

chocolatecupidlay said...

လေ့လာမှတ်သားသွားပါတယ်ကိုသီပာရေ