Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, December 08, 2011

ကျွန်တော်နှင့် ဖနွမ်းပင် (၃)


အပျင်းပြေ ညဈေး

ကမ္ဗောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင်က မြစ်ရှုခင်းအလှနဲ့ ညဘဝကို ခံစားကြည့်ရလို့ ငြီးငွေ့တယ်ဆိုရင်တော့ အပြုံးချိုချိုဒေသခံလေးတွေရဲ့ ဈေးရောင်း ဈေးဝယ်သံတွေကို ကြားရမယ့် ညဈေးကို သွားသင့်ပါတယ်။ ဒီညဈေးလေးဟာ River Town အဝင်နားလေးမှာ ရှိပြီး လေဟာပြင်ကြီးလို ကွန်ကရစ်ခင်းထားတဲ့ နေရာကျယ်ကြီးပေါ်မှာ ယာယီဆိုင်ခန်းလေးတွေလာပြီး ရောင်းချကြတာပါ။ ဆိုင်ကယ်အပ်နှံဖို့အတွက် ညဈေးလေးရဲ့ အပြင်ဘက်မှာ လက်ခံဆောင်ရွက်ပေးပြီး Riel 500 ဝန်းကျင် ပေးရပါတယ်။ ညဈေးဆိုပေမယ့် အဖြစ်လုပ်ထားတဲ့ ညဈေးမဟုတ်ပါဘူး။ နိုင်ငံခြားသားတွေကိုပါ ဆွဲဆောင်နိုင်အောင်ကို သေချာပြင်ဆင်ထားတဲ့ ဈေးလေးပါ။ ကျွန်တော်တို့ဆီမှာလည်း တလောက လေဟာပြင်ဈေးလုပ်မယ်လို့ ကြားမိသေးတာကြောင့် ဒီလိုလေးလုပ်ရင်တော့ သိပ်ကောင်းမှာပဲလို့ တွေးမိသွားပါတယ်။


ညဈေးရဲ့ အဝင်မုခ်ဦး
ညဈေးလေးရဲ့ အဝင် မုခ်ဦးဆိုင်းဘုတ်လေးကအစ ခမာ ဟန်ပန်လေးနဲ့ လှနေပါတယ်။ နိုင်ငံခြားသားတွေရဲ့ အမြင်ကို ဆွဲဆောင်နိုင်ပါတယ်။ အတွင်းဘက်ကို မုခ်ဦးတည့်တည့်ကနေ လှမ်းကြည့်လိုက်တာနဲ့ အလယ်မှာ ကွင်းပြင်ကြီး ရှိပြီး၊ ဘေးတစ်ဘက်တစ်ချက်မှာ ဆိုင်တန်း နှစ်တန်းဆီကို တွေ့ရပါတယ်။ အလယ်ကွင်းပြင်မှာလည်း ဆိုင်ခန်း နှစ်ဆိုင် သုံးဆိုင်လောက် ချွန်းထွက်နေတာတွေ့ရပြီး၊ အဲဒီဆိုင်လေးတွေက ထူးထူးခြားခြား အသံချဲ့စက်လေးတွေသုံးလို့ အော်ရောင်းနေပါတယ်။ ကျွန်တော်လည်း ဝင်လာမစဲတဲ့ လူအုပ်ကြီးအတိုင်း လိုက်ပါစီးမျောကြည့်လိုက်ရင်း ထူးထူးခြားခြားအော်ရောင်းနေတဲ့ နေရာလေးကို ကြည့်မိပါတယ်။ လူတိုင်းဟာ အဲဒီဆိုင်တွေနားမှာ စာရွက်လေးတွေ ကိုယ်စီကိုင်ပြီး ထိုင်လျက်တစ်မျိုး၊ ထလျက်တစ်ဖုံ အမျိုးမျိုး ကြည့်နေကြတယ်။ စာရွက်ပေါ်မှာက ကိန်းဂဏန်းလေးတွေ။ ဘာမှန်းသေချာ နားမလည်ခဲ့ပါဘူး။ ထီလို၊ ကံစမ်းမဲလို ဒါမှမဟုတ်လည်း စတော့ခ်ကစားတာမျိုးလို ဖြစ်မယ်လို့ ထင်မိပါတယ်။

အဲဒီ ဆိုင်ခန်းလေးတွေ နည်းနည်းလွန်သွားတော့ ဈေးရဲ့ အလယ်ဗဟိုနားမှာ မီးရောင် စုံစုံလင်လင်နဲ့ အတော်အသင့်ခန်းနားတဲ့ စတိတ်စင်လေးတစ်ခုကို တွေ့ရပါတယ်။ Sound Box တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စတိတ်စင်နောက်ခံမှာ အဆိုတော်လို့ ကျွန်တော်ထင်တဲ့ အမျိုးသား၊ အမျိုးသမီး တချို့ရဲ့ ပုံလေးတွေ တွေ့ရတာမို့ ဒီည ပွဲရှိတာလားလို့ အနားက တစ်ယောက်ကို မေးကြည့်ပါတယ်။ သူကလည်း ဟုတ်တယ်၊ အမြဲတမ်း သောကြာ၊ စနေ နဲ့ တနင်္ဂနွေ ညဘက်တွေဆို ခုလို ဖျော်ဖြေပွဲတွေ လုပ်ပါတယ်လို့ ရှင်းပြပါတယ်။ သူလည်း သူနိုင်သလောက် အင်္ဂလိပ်လိုပြောနေရတာမို့ အားနားပြီး အများကြီး မမေးဖြစ်တော့ပါဘူး။ ကိုယ်ချင်းစာပါတယ်။ ကိုယ့်ကိုလည်း အရမ်းပြောတတ်ဆိုတတ်တဲ့ သူတစ်ယောက်လာပြီး စကားတွေပြောနေရင် အနေရ အထိုင်ရ ကျပ်လာတာမို့ သူလည်း ထပ်တူ ခံစားရမယ်ထင်ပြီး ဓါတ်ပုံရိုက်လို့ရလားလို့ မေးလိုက်တော့.... ရတယ်ဆိုတာနဲ့ပဲ။ ဓါတ်ပုံရိုက်ဖို့ ကင်မရာ ထုတ်လိုက်ပါတယ်။

ညဈေးက အပတ်စဉ်ဖျော်ဖြေပွဲ
ကျွန်တော့မှာ ဓါတ်ပုံရိုက်ခါနီးတိုင်း သိပ်အလုပ်ရှုပ်ပါတယ်။ ကျွန်တော် ဒီကို လာခါနီးမှာ ကျွန်တော့ရန်ကုန်ရုံးက MD က မှာလိုက်တာ ရှိတယ်။ ဟိုရောက်ရင်တဲ့ ဖုန်းကို လူကြားတည်း မပြောနဲ့။ ဖုန်းယူသွားမယ်ဆိုလည်း အစုတ်ဆုံး ဟမ်းဆက်ကို ယူသွား၊ ကင်မရာကိုလည်း နေရာတကာ ထုတ်မရိုက်နဲ့။ ရိုက်မယ်ဆိုလည်း ကင်မရာကြိုးကို လက်မှာ အသေအချာချည်ပြီးမှ ရိုက်ပါတဲ့။ သိပ်မလုံခြုံဘူးဆိုတာကြောင့် ကျွန်တော့မှာ ဓါတ်ပုံကလည်း ရိုက်ချင်၊ ရိုက်ဖို့ကလည်း ရှိစုမဲ့စုလေးတွေ ပါသွားမှာကြောက်နဲ့၊ တော်တော်လေး ဒုက္ခပေါ့ဗျာ။ ဒီတော့ ဓါတ်ပုံရိုက်ဖို့လုပ်တိုင်း ကျွန်တော့မှာ ကင်မရာကြိုးကို ချည်ရနှောင်ရနဲ့ အရမ်းအလုပ်ရှုပ်ပါတယ်။ ကျွန်တော်လည်း စိတ်ချရပြီဆိုမှ ကင်မရာကိုင် ဟိုရိုက် ဒီရိုက် ရိုက်နေတုန်းပဲ ဖျော်ဖြေရေးအစီအစဉ်တွေ စလာပါတယ်။ ကျွန်တော်တို့ဆီက Shopping Mall တွေရဲ့ Promotion တွေလိုပါပဲ၊ Dancers လူငယ်အဖွဲ့လေးတွေက အရင်ကပြကြပါတယ်။ ပြီးမှ အဆိုတော်တွေက သီချင်းတွေ ဆိုကြ၊ အစီအစဉ်တင်ဆက်သူတွေက အရီအသောလေးတွေပြောတာတို့၊ ဘာတို့ လုပ်ပါတယ်။ Dancing ကတော့ လူမျိုးမရွေးတော့ ကျွန်တော်စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ သီချင်းကျတော့ ကျွန်တော်လည်း နားမလည်တော့ ကြာကြာ ကြည့်ရင်း ပျင်းလာပါတယ်။ ဒါနဲ့ အနီးအပါးက ဆိုင်တွေကို စပြီးလေ့လာရေးဆင်းခဲ့ရတော့တာပေါ့။

ညဈေးခင်းလေး
ဆိုင်လေးတွေက အစုံပဲဗျ။ အဝတ်အထည်ဆိုင်တွေ၊ ဖန်စီပစ္စည်းဆိုင်တွေနဲ့ ခမာရိုးရာပစ္စည်းနဲ့ အထည် ရောင်းတဲ့ဆိုင်တွေများပါတယ်။ ဒီမှာက River Town နဲ့နီးတော့ နိုင်ငံခြားသားတွေ အများဆုံးလာဝယ်ကြတာမို့ ဒေသထွက်လက်မှုပစ္စည်းနဲ့ ချည်ထည်လေးတွေ ရောင်းကြတာပါ။ လူငယ်ပိုင်းအတွက် ဂျင်းပင်(န်)လေးတွေကလည်း ဈေးသက်သာပါတယ်။ ဈေးနှုန်းလေးတွေကို ကပ်ပြီး ရောင်းထားတာမို့ ကျွန်တော်တို့လို တခြားနိုင်ငံသားတွေအတွက် စကားများများ ပြောစရာ မလိုဘူးပေါ့။ ဒါပေမယ့်လည်း ဒေသခံတွေရဲ့ ပြောစကားအရတော့ ခမာ ရိုးရာအထည်နဲ့ ပစ္စည်းတွေက ဒီမှာ ဝယ်ရင် ပိုဈေးကြီးတယ်တဲ့။ နိုင်ငံခြားသားပစ်မှတ်မို့ ဈေးတင်ထားတယ်လို့ ဆိုပါတယ်။ အမှန်က ကျွန်တော်တောင် ရောက်တုန်း လက်ဆောင်တစ်ခါတည်းဝယ်မယ်လို့ စဉ်းစားထားပေမယ့် အဲဒီစကားကြောင့် မဝယ်ဖြစ်လိုက်တော့ပါဘူး။

ညဈေးမှာရောင်းတဲ့ ခမာ အမှတ်တယပစ္စည်းများ
အစားအသောက်မှာတော့ ရိုးရာ အစားအစာတွေကို မတွေ့ရဘူး။ ကြက်ကြော်လိုဟာမျိုး၊ တခြား ခေါက်ဆွဲလိုဟာမျိုးတွေကို ရောင်းတဲ့ ဆိုင်လေးတွေတော့ စတိတ်စင်ရဲ့ နောက်ဘက်ခြမ်း ကွင်းပြင်မှာ တွေ့တယ်။ ညဈေးမို့ သူတို့က စားပွဲခင်းပြီး မရောင်းဘူး။ ဖျာလေးတွေကို တစ်ချပ်စီ ခင်းထားပြီး၊ အဲဒီဖျာချပ်လေးတွေအလယ်မှာ ငရုတ်ဆီနဲ့အခြားစားသောက်ဖို့ပစ္စည်းလေးတွေကို ခြင်းလေးတစ်ခုစီထဲ ထည့်လို့ ခင်းကျင်းထားတာ ဝင်စားချင်စရာကြီးပါ။ ကျွန်တော် ဝင်တော့ မစားဖြစ်ပါဘူး။ ကျွန်တော့ကို ခမာလို့ ထင်နေကြတော့ စားဖို့ မှာခါမှ ခမာမဟုတ်မှန်းသိရင် လူတွေ ပိုအာရုံစိုက်လာမှာ စိုးလို့ပါ။ ဓါတ်ပုံ ရိုက် မှတ်တမ်းတင်ချင်ပေမယ့် သူများတွေ စားနေတာကို ဓါတ်ပုံရိုက်ဖို့ သိပ်အဆင်မပြေလို့ မရိုက်ခဲ့ရပါဘူး။ စားသောက်တန်းဘက်က ပြန်အထွက်မှာတော့ မြန်မာမိန်းကလေးတွေအကြိုက် အချဉ်ပေါင်းလေးတွေကို ရောင်းနေတာလည်းတွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လို အရသာ ရှိမလဲတော့ မမြည်းကြည့်တော့ပါဘူး။ သူတို့က အချဉ်ထက် ချိုတဲ့အရသာကို ပိုစားကြတယ်လို့ထင်တော့ ချိုမယ့်ပုံကြီးတွေမို့ရော၊ ကျွန်တော်ကိုယ်၌က အဲလို အချဉ်ပေါင်းလိုဟာမျိုးတွေ မကြိုက်တာရောကြောင့်ပါ။

ညဈေးလေးက သိပ်မကြီးတော့ နာရီဝက်တောင် အချိန်မကုန်ဘဲ နေရာစေ့သွားပါတယ်။ ဒါနဲ့ အပြင်ဘက်ကို ပြန်ထွက်လို့ ကျွန်တော့အခန်းကို ပြန်ဖို့ ဆိုင်ကယ် ထားတဲ့ဘက်ကို ထွက်ခဲ့တော့ ထူးခြားတာလေးတစ်ခုတွေ့သွားတယ်။ သူတို့ဆီမှာ ကြံကို အပိုင်းပိုင်းလေးတွေဖြတ်ပြီး မှန်ပုံးလေးထဲထည့် ရောင်းကြတာပါ။ ဘာထူးဆန်းလဲလို့ မေးစရာရှိပါတယ်။ ထူးခြားတယ်ဆိုတာက ရေခဲတုံးတွေနဲ့ အအေးခံပြီး ကြံကို ရောင်းတာမို့ ကျွန်တော့အတွက်တော့ ထူးခြားနေတာပါ။

လေ့လာစရာအများကြီးမဟုတ်ပေမယ့်လည်း ခမာတွေရဲ့ ယဉ်ကျေးမှုနဲ့ စားသောက်ပုံတချို့ကို လေ့လာနိုင်ခဲ့လို့ ကျေနပ်မိခဲ့ပါတယ်။ ညဈေးလေးကိုတော့ ကျွန်တော်မပြန်ခင် တစ်ခေါက်သွားပြီး အမှတ်တယလက်ဆောင်လေးတွေ ဝယ်ဖို့ ကြည့်ဖြစ်ဦးမှာပါ။

ဆက်ပါဦးမယ်။
သီဟလုလင်

2 comments:

Win Zaw Naing said...

Carry on KoThiHa.... nice traveling post... waiting for reading....

chocolatecupidlay said...

ကိုယ်တိုင်ရောက်သွားလိုခံစားရပါတယ်..ကိုသီပာရေ