Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, December 04, 2011

ကျွန်တော်နှင့် ဖနွမ်းပင် (၁)

ကျွန်တော့အလုပ်နဲ့ ပတ်သက်လို့ ကမ္ဗောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့ကို ရောက်ဖို့ အကြောင်းရှိနေတာက ကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်လ လောက်ကတည်းကပါပဲ။ အစီအစဉ်အမျိုးမျိုး ပြောင်းရင်း ရွှေ့ရင်းနဲ့ပဲ ခု ဒီဇင်ဘာကျမှ ဖနွမ်းပင်ကို ရောက်ဖို့ ဖြစ်သွားပါတယ်။ အစီအစဉ်ကလည်း ဖြစ်ချင်တော့ ကောက်ကာငင်ကာမို့ ကျွန်တော်သွားမယ့်ရက်နဲ့ အကိုက်ဆုံးဖြစ်တဲ့ MAI လေယာဉ်ကို ရွေးချယ်ခဲ့ပါတယ်။ နိုဝင်ဘာလ ရဲ့ နောက်ဆုံးရက်လေးမှာ ရန်ကုန်မြို့ရဲ့ ကောင်းကင်ပြာပြာကို ဖြတ်သန်းလို့ ကမ္ဗောဒီးယားနိုင်ငံရဲ့ အပြာရောင် ကောင်းကင်အောက်ကို ခိုဝင်ခဲ့ပါတယ်။


ကျွန်တော့ခရီးစဉ်က ဖနွမ်းပင်ဆိုပေမယ့် လေယာဉ်က ၂ နာရီလောက် ပျံသန်းပြီးချိန်မှာတော့ ကမ္ဗောဒီးယားနိုင်ငံရဲ့ နာမည်ကျော် အန်ကောဝပ် ဘုရားကျောင်း ရှိရာ ဆီရမ်ရိမြို့မှာ အရင်ဆိုက်တာမို့ Transit သဘော ဆီရမ်ရိလေဆိပ်မှာ နားနေ လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီကနေမှ ဖနွမ်ပင်ကို ၃၅ မိနစ်ကြာ ထပ်ပြီးပျံသန်းခဲ့ရပါတယ်။ ကျွန်တော်က အမြင့်ကြောက်တဲ့သူမို့ လေယာဉ်စီးရတာ ကျွန်တော့ကို ဘုရားကျောင်း တက်ခိုင်းသလိုပါပဲ။ တစ်ချိန်လုံး ဘုရားကိုပဲ အာရုံပြုနေရလို့ပါ။

ဖနွမ်းပင် အပြည်မြည်ဆိုင်ရာလေဆိပ်
ကမ္ဗောဒီးယားနိုင်ငံက တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပုံစံအနေအထားအတော်တူတယ်လို့ ဆိုရပါမယ်။ လူတွေရဲ့ ပုံသဏ္ဍာန်ကလည်း တူညီကြပါတယ်။ သူတို့ရဲ့ လေဆိပ်က ကျွန်တော်တို့ ခုလက်ရှိ လေဆိပ်လောက် မခန်းနားပါဘူး။ သူတို့လည်း အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တစ်ခုကို ခု လေဆိပ်ရဲ့ ဘေးမှာ ဆောက်နေတယ်ဆိုတာ လေဆိပ်အပြင်ရောက်မှ တွေ့ပါတယ်။

ဒေသ နဲ့ ဒေသခံတွေအကြောင်း
ဖနွမ်းပင်မြို့လေးက သာယာပါတယ်။ ရာသီဥတုက ပူပြီး လမ်းမတွေက ကျဉ်းတာမို့ ကားအရမ်းကြပ်ပါတယ်။ ဆိုင်ကယ်နဲ့ တုတ်တုတ် တွေ အရမ်းပေါပါတယ်။ မြို့က သန့်ပါတယ်။ ကျွန်တော်တို့ရုံးက လေဆိပ်နဲ့ အတော်လေး ဝေးတာမို့ ဖနွမ်းပင်မြို့ကို ခန့်မှန်းလေ့လာခွင့် ရတယ်လို့ ဆိုနိုင်ပါတယ်။ မြို့က ကျွန်တော်တို့ဆီက မန္တလေးနဲ့ အတော်တူပါတယ်။ ယာဉ်စည်းကမ်းကို မလိုက်နာတာတွေကအစပေါ့။ ဆိုင်ကယ်၊ တုတ်တုတ် နဲ့ ကားတွေဟာ သူတို့ မောင်းချင်သလိုမောင်းကြတာ အံ့သြမိပါတယ်။ ဘာလို့ အဲဒီလို စည်းကမ်းတင်းတင်းနဲ့ မကိုင်တွယ်တာလဲ နားမလည်ပါဘူး။ လမ်းဖြတ်ကူးရ အရမ်းခက်ပါတယ်။ မော်တော်ကား အကောင်းစားတွေအများကြီးရှိပြီး ကားကို အရှိန် အလွန်ဖြည်းငြင်းစွာနဲ့ မောင်းနှင်ကြပါတယ်။ ဒီလောက်အရှိန်နှေးပေမယ့်လည်း သူတို့ဆီမှာ မကြာခဏ ယာဉ်တိုက်မှုဖြစ်တတ်လို့တဲ့ ကားမောင်းနှင်သူနဲ့ ဘေးက လိုက်ပါသူ နှစ်ဦးစလုံးဟာ ခါးပတ် ပတ်ပြီးစီးနင်းမိန့် ထုတ်ထားပါတယ်တဲ့။ ထူးခြားတဲ့ အကြောင်းလေးတွေပါပဲ။ ကျွန်တော် ရောက်တာ သုံးရက်မြောက်နေ့မှာ ညဘက် ထွက်ဖို့ အကြောင်းရှိလာလို့ မြို့ထဲခဏထွက်ချိန်မှာတော့ ကားချင်းတိုက်မိနေတာကို တွေ့မိတာမို့ သူတို့ပြောပြချက်က မှန်ကန်နိုင်တယ်လို့ လက်ခံမိပါတယ်။

ကမ္ဗောဒီးယား လွတ်လပ်ရေး ကျောက်တိုင်
ကမ္ဗောဒီးယားနိုင်ငံသူ နိုင်ငံသားတွေရဲ့ ရုပ်ရည်က ကျွန်တော်တို့နဲ့ တူပါတယ်။ ကျွန်တော် သွားလေရာမှာ ကျွန်တော့ကို တခြားနိုင်ငံကလို့ ဘယ်သူမှ မထင်ကြတာပါဘဲ။ ကျနော် စကားပြောမှ သူတို့က တခြားနိုင်ငံကမှန်း ရိပ်မိကြပါတယ်။ ဒါလည်းတစ်ခုကောင်းတာက ကျွန်တော့ကို တခြားဂြိုဟ်ကလာသလိုမျိုး ဘယ်သူကမှ အထူးအထွေ လိုက်စိတ်ဝင်မစားနေတာပါဘဲ။ ကျွန်တော်တို့ နိုင်ငံနဲ့မတူတာလေးတွေကတော့ သူတို့ဆီမှာ အင်တာနက်က အရမ်းမြန်တယ်။ Night Life အရမ်းဖွံ့ဖြိုးတယ်။ တိုက်တာအဆောက်အအုံတွေက သန့်ရှင်းပြီး ပုံစံတကျ ရှိတယ်။ ကျွန်တော်တို့ဆီကလို ဟိုတိုက်က ဒီဆောက်လုပ်ရေးက ပုံစံတစ်မျိုးဆွဲပြီးဆောက်၊ ဘေးတိုက်က နောက်တစ်မျိုး နဲ့ အမျိုးမျိုး ဖြစ်နေတာမျိုး ရှားပါတယ်။ ကြည့်ရ ပိုကောင်းစေတယ်။ တက္ကစီကားတွေ နည်းတယ်။ ရှိတဲ့ဟာကလည်း ဈေးကြီးတယ်။ တုတ်တုတ်တွေနဲ့ ဆိုင်ကယ်တွေ အသုံးပြုကြတာများတယ်။ ငွေကြေးကို သူတို့ငွေ Riel ရော၊ US Dollor ရော သုံးလို့ရတယ်။ သူတို့ငွေ 4,000 Riel ဟာ US$ 1 နဲ့ ညီမျှတယ်။ ဒီတော့ လူတော်တော်များများက ငွေကြေးဖောင်းပွမှုနည်းတဲ့ US$ ကိုပဲ အလွယ်သုံးကြပါတယ်။ ဆက်သွယ်ရေး ဖုန်းကတ်နဲ့ ငွေဖြည့် Top Up Card တွေ အလွယ်တကူဝယ်လို့ရတယ်။ ဒေါ်လာနဲ့မို့ တချို့ ပစ္စည်းတွေ သက်သာပေမယ့် ပီကေလိုဟာမျိုးတွေက ကျွန်တော်တို့ City Mart မှာတောင် ပိုပေါနေပါသေးတယ်။

ဆိုင်ကယ်တွေ သုံးတာများတော့ လေထုနည်းနည်းတော့ ညစ်ညမ်းမှုရှိပါတယ်။ သွားလာသမျှလူတွေက နှုတ်ခေါင်းစည်းတွေကို မက်မက်မောမော အသုံးပြုတတ်ကြပါတယ်။ လူတွေက ယဉ်ကျေးပြီး ဖောရွေကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြပါတယ်။ သူတို့ဆီမှာ KTV ခေတ်စားပြီး လူငယ်တွေ သွားကြ ပျော်ကြပါတယ်။ KTV ခန်းမတွေက တစ်ခန်းတစ်ခန်းကို အတော်ကျယ်ပြီး LED TV သုံးလုံးကို ဘက်ပေါင်းစုံကနေ မြင်သာအောင် တပ်ပေးထားတာမို့ ပွဲလုပ်လို့ ကောင်းပါတယ်။ ပြီးခဲ့တဲ့ ရက်က ကျွန်တော်တို့ မီဒီယာဌာနကို သူတို့ဆီက နာမည်ကြီး မဂ္ဂဇင်းတစ်ခုရဲ့ ပါတီ သူတို့ဆီက နာမည်သင့်တဲ့ KTV တစ်ခုမှာလုပ်မှာကို ဖိတ်လို့ ကျွန်တော်လည်း လိုက်ခွင့်ကြုံရတော့ သူတို့တတွေ ကျွန်တော့ကို အထူးဂရုစိုက်ကြသလို သူတို့ရဲ့ အကလေးတွေ သင်ပေးကြပါတယ်။ သူတို့ရဲ့ အကက မြန်မာအကနဲ့လည်းတူသလို အထူးသဖြင့် ရှမ်းအကနဲ့ တူတာမို့ ကျွန်တော် အလွယ်တကူ ကတတ်ခဲ့တာကို သူတို့တွေက အံ့သြနေကြပါတယ်။ ဘယ်မှာ သင်ထားတာလဲတဲ့။ တကယ်က ကျွန်တော် ငယ်ငယ်ကတည်းက မြန်မာအကကိုလည်း အဆင့်မြင့်အထိ သင်ကြားခဲ့ရတာပါ။ ရှမ်းအက ကိုလည်း ကျွန်တော်က အရင်ကတည်းက စိတ်ဝင်စားလေ့လာထားတာမို့ သိပ်မစိမ်းခဲ့ပါဘူး။ နောက်တစ်ခါ သူတို့ရဲ့ ထူးခြားချက်လေးတစ်ခုက ဘီယာကို ဘာဘီယာသောက်သောက် (ဥပမာ- ပုလင်းဘီယာ၊ စည်ဘီယာ၊ ဘူးဘီယာ) ရေခဲထည့်သောက်ကြတာပါပဲ။ ဘာလို့လည်းဆိုတာတော့ သူတို့လည်း မရှင်းပြတတ်ကြဘူး။ အစဉ်အလာပါပဲတဲ့။ ထူးခြားတဲ့ သူတို့အစဉ်အလာလေးတစ်ခုက ဘီယာ၊ အရက်သောက်တဲ့အခါ ကိုယ် ကိုယ်စားပြုတက်ရောက်ရတဲ့ အဖွဲ့အတွက် အခြားအဖွဲ့တွေရှိရာကို ကိုယ်တိုင် ခွက်ကလေးတွေ ကိုင်လို့ သွားရောက် ချီးမြှောက်ရတာပါ။ Cheer! ပေါ့။ တစ်ဦးနဲ့ တစ်ဦး ပိုပြီး ကျွမ်းဝင် ရင်းနှီးအောင်လို့ လို့ ဆိုပါတယ်။ ကျွန်တော်တို့အဖွဲ့ဆီကိုလည်း အခြားအဖွဲ့တွေက ခဏခဏလာပြီး ခွက်တိုက် ချီးမြှောက်ကြပါတယ်။ ဆိုးရွားတာကတော့ ခဏခဏလာတော့ ခဏခဏ သောက်ရတာမို့ မြန်မြန်မူး၊ များများမူးတာပါပဲ။

ဆက်ပါဦးမယ်....

သီဟလုလင်

2 comments:

chocolatecupidlay said...

လာဖတ်သွားတယ်ကိုသီပာရေ
အတွေ့အကြုံလေးဆက်ရေးဥိးနော်
မရောက်ဖူးတော့လဲဒီကပဲလည်တော့မယ်..။

Moe Htet Nyan said...

အရမ်းဖတ်လို့ ကောင်းပါတယ်ကိုသီဟရေ...အကြိုက်ဆုံးစာကြောင်းက"ကျွန်တော်က အမြင့်ကြောက်တဲ့သူမို့ လေယာဉ်စီးရတာ ကျွန်တော့ကို ဘုရားကျောင်း တက်ခိုင်းသလိုပါပဲ။ တစ်ချိန်လုံး ဘုရားကိုပဲ အာရုံပြုနေရလို့ပါ။"ဆိုတဲ့စာကြောင်းပါ.စာဖတ်သူကိုမပျင်းရအောင်ရေးတတ်တယ်..လေးစားပါတယ်ဗျာ.... :D ..