Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, January 10, 2012

ကင်ဆာကို အနိုင်မပေးကြပါနဲ့


တစ်နေ့က နိုင်ငံခြားရုပ်ရှင်လေးတစ်ကားကို ကြည့်ခွင့်ကြုံလို့ ကြည့်ဖြစ်သွားခဲ့ပါတယ်။ A Little Bit Of Heaven လို့ အမည်ရတဲ့ ဇာတ်ကားဖြစ်ပြီး နာမည်ကြီး မင်းသမီး Kate Hudson က အူမကြီးကင်ဆာ ခံစားနေရသူလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဘဝကို အချစ်နဲ့ ဖြေသိမ့်လို့ ဘဝရဲ့ နောက်ဆုံးအချိန်ကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားတဲ့ ကင်ဆာဝေဒနာရှင်တစ်ဦးရဲ့ အကြောင်း ဇာတ်ကားကောင်းပါ။ ဒီဇာတ်ကားကို ကြည့်ရင်း ကမ္ဘာပေါ်မှာ ခုလို ဝေဒနာဆိုးနဲ့ ကိုယ်ချစ်တဲ့သူတွေကို ကျောခိုင်းသွားရတာ များနေပြီလားဆိုတဲ့ အတွေးက ဖြတ်ခနဲ ဝင်လာပါတယ်။ စာရေးသူရဲ့ ဖခင်ကလည်း ခုလို အူမကြီးကင်ဆာနဲ့ပဲ ကွယ်လွန်ခဲ့တာမို့ ဇာတ်ကားထဲက ဝေဒနာရှင်ရဲ့ ရောဂါလက္ခဏာတွေဟာ တူညီနေတာ တွေ့ရပါတယ်။


ကင်ဆာရောဂါတွေရဲ့ တူညီတတ်တဲ့ ယေဘုယျ လက္ခဏာတွေကတော့ အမြဲ အသံဝင်လာမယ်။ အမြဲမပြတ် ချောင်းဆိုးလာမယ်။ ချောင်းဆိုး သွေးပါမယ်။ အစာမျိုရခက်ခဲလာပြီး အစာမကြေသလို စားချင်စိတ် မရှိသလို ဖြစ်လာမယ်။ သွေးအံမယ်။ သားမြတ်၊ ပေါင်ရင်း၊ လည်ပင်း၊ ဂျိုင်း စတဲ့နေရာတွေမှာ အလုံးအကျိတ်တွေ့မယ်။ အမျိုးသမီးတွေမှာဆို အချိန်အခါမဟုတ်ဘဲ သွေးဆင်းမယ်။ အဖြူနဲ့ အခြားအရည်တွေ ဆင်းမယ်။ ဝမ်းနဲ့ ဆီး သွားလေ့သွားထပုံစံတွေ ပြောင်းလဲသွားမယ်။ ဆီးနဲ့ ဝမ်းထဲမှာ သွေးပါမယ်။ ပျောက်သင့်တဲ့အချိန်ကျော်တဲ့အထိ အနာတွေ မပျောက်ဘဲနေမယ်။ ကိုယ်ပေါ်မှာ ရှိတဲ့ မှဲ့ ဒါမှမဟုတ် ကြွက်နို့၊ မွေးရာပါ အမှတ်တွေ ကြီးထွားလာမယ်။ သွေးထွက်မယ်။ အရောင်ပြောင်းမယ်။ ဒါပေမယ့် ဒါတွေဟာ ယေဘုယျလက္ခဏာတွေသာ ဖြစ်ပြီး ဒီလိုမျိုးတွေဖြစ်တိုင်း ကင်ဆာဖြစ်နေပြီလို့တော့ တွက်ဆလို့ မရသေးပါဘူး။ ဒီလိုမျိုးတွေ ကြုံရပြီဆိုရင် သတိပြုပြီး တတ်ကျွမ်းတဲ့ ဆရာဝန်တွေထံ သွားရောက် ပြသဖို့ပါပဲ။

ကင်ဆာရောဂါဟာ လူတွေကို နှစ်ပေါင်းများစွာ အနိုင်ကျင့်လာတာ ခုနောက်ပိုင်းမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပိုပြီး ဗိုလ်ကျလာတယ်လို့ ဆိုရပါတယ်။ တကယ်တော့ လူတွေရဲ့ အမူအကျင့်တွေကြောင့်ပဲ ကင်ဆာရောဂါဟာ အနိုင်ရဖို့ အင်အားကြီးထွားလာရတာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အသိပညာပေး လုံလောက်မှုကြောင့် တစ်ကြောင်း၊ အဲဒီနိုင်ငံတွေရဲ့ စွန့်ထုတ်လိုက်တဲ့  စက်ရုံထွက် ဘေးထွက် ပစ္စည်းတွေကြောင့် တစ်ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာ ကင်ဆာရောဂါတွေက အနိုင်ရနိုင်ပါတယ်။ WHO ရဲ့ New Causes of Cancer Estimated စာရင်းအရ ၁၉၈၅ ခုနှစ်တုန်းက ကင်ဆာဝေဒနာရှင်စာရင်းဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ၄ သန်းကျော်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ၅ သန်းကျော် ရှိနေပါတယ်။ ဒါပေမယ့် ခန့်မှန်းချက်အရတော့ လာမယ့် ၂၀၁၅ ခုနှစ်မှာဆိုရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ၅ သန်းကျော် (၂၅% တိုးလာ) ရှိနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၁၀ သန်းကျော် (၁၀၀% တိုးလာ) ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို ခန့်မှန်းထားချက်များဟာ ဖြစ်နိုင်ဖို့ အလားအလာတွေကလည်း ပိုပြီးများပြားနေတာကို တွေ့နေရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ စာရင်းအချက်အလက်များကို သေချာစွာ ပြုစုထားနိုင်ခဲ့တဲ့အပြင်၊ သုတေသနလုပ်ငန်းများကိုလည်း နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ခဲ့တာတွေကြောင့် ကင်ဆာရောဂါတွေကို လျော့ချနိုင်ဖို့မှာ အလွန်အထောက်အကူ ရရှိနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ပညာပေးတဲ့နေရာမှာလည်း ကောင်းမွန်ထိရောက်မှုတွေ ရှိတဲ့အပြင် နိုင်ငံသားတွေမှာလည်း ကျန်းမာရေး ဗဟုသုတ လိုက်စားမှု အားကောင်းလာတာကြောင့်လည်း ပိုမို လျှော့ချလာနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ စီးပွားရေးအကြပ်အတည်းအချို့ကြောင့် ကျန်းမာရေး လိုက်စားမှု အားနည်းတာများအပြင်၊ သုတေသနလုပ်ငန်းများနဲ့ စာရင်းမှတ်တမ်းများ သေချာစွာ မပြုလုပ်ထားနိုင်ခြင်းများကြောင့် တားဆီးကာကွယ်ကုသရေးအပိုင်းတွေမှာ  အားနည်းချက်တွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်က စာရေးသူဟာ ကင်ဆာရောဂါတွေနဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်နှံ့စပ်တဲ့ ပရော်ဖက်ဆာ ဒေါက်တာ ဦးစိုးအောင် နဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့ပါသေးတယ်။ ဆရာကလည်း မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကင်ဆာနဲ့ ပတ်သက်လို့ မှတ်တမ်းများ သေချာစွာ ပြုစုသင့်သလို၊ သုတေသန လုပ်ငန်းများလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဟာ ကင်ဆာရောဂါကာကွယ် တားဆီးရေးနဲ့ ကုသရေးအပိုင်းတွေမှာ အထောက်အပံ့များစွာ ဖြစ်စေကြောင်း ပြောပြခဲ့ပါသေးတယ်။

ဆရာကြီးရဲ့အဆိုကို စာရေးသူက လက်ခံပါတယ်။ ဆရာကြီးကိုယ်တိုင်ရှင်းလင်း ပြသပေးခဲ့တဲ့ ၁၉၇၄ ခုနှစ် ကနေ ၂၀၀၆ ခုနှစ်အထိ စာရင်းထဲမှာ တချို့အချက်အလက်တွေ ပျောက်ဆုံးနေတဲ့အပြင် တကယ်တမ်း ကောက်ယူရရှိထားခဲ့တဲ့ စာရင်းတွေကလည်း ဆရာကြီးတို့ ကင်ဆာဌာနကို ရောက်လာခဲ့တဲ့ စာရင်းတွေ၊ ရန်ကုန်ဆေးရုံကြီးကို ရောက်လာတဲ့ စာရင်းတွေသာ ဖြစ်လို့ အတိအကျလို့ ဆိုနိုင်ချေ မရှိပြန်ပါပြီ။ ဒါပေမယ့် ခန့်မှန်းလို့ ရနိုင်တာကတော့ ဒီထက် ပိုများနိုင်တယ်ဆိုတာကိုပါပဲ။ အကြောင်းကတော့ ဆေးပညာ ဗဟုသုတမရှိတဲ့ ဒေသတွေ၊ ဆေးရုံနဲ့ ဝေးတဲ့ ဒေသတွေ၊ အရပ်ကု ကုရင်း အသက်ပျောက်ရသူတွေ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ စာရင်းတွေ ရောက်မလာနိုင်ခဲ့တာကြောင့်ပါ။ ဒီစာရင်းတွေကို ဆရာကြီး ဦးစိုးအောင်က ကြိုးစားပြုစုထားတာ ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းရဲ့ အင်အားမို့ ထင်သလောက်လွယ်ကူမှာ မဟုတ်ဘူးဆိုတာကို တွေးကြည့်ရင် သိနိုင်ပါတယ်။

ဒီစာရင်းတွေဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်ရပ်လုံးကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ ခုနောက်ပိုင်း စာရင်းအချက်အလက်တွေ ပြုစုရာမှာတော့ ဆရာကြီး ကိုယ်တိုင်လည်း အသင်းအဖွဲ့အနေနဲ့ သုတေသနပြုခြင်း မှတ်တမ်းထားရှိခြင်းများကို နိုင်ငံတော်အဆင့်အနေနဲ့ ပြုလုပ်ပေးနိုင်ရင် ပိုကောင်းမှာပဲဟု စဉ်းစားမိပါတယ်။

တကယ်တော့ ကင်ဆာရောဂါတွေရဲ့ အခြေခံအကြောင်းရင်းဟာ လူတွေရဲ့ ပရောဂကြောင့်များတယ်လို့ ဆိုနိုင်ပါတယ်။ လူတွေ နေ့စဉ်ပြုလုပ်နေတဲ့ အမူအကျင့်၊ အနေအထိုင်၊ အစားအသောက်တွေက ကင်ဆာရောဂါ ဖြစ်စေဖို့ ပံ့ပိုးမှုတွေ ဖြစ်နေတယ်ဆိုတာကို သတိထားမိပြီး ဆင်ခြင်နေထိုင်မယ်ဆိုရင် ကင်ဆာရောဂါနည်းတဲ့ ကမ္ဘာဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဆိုပါစို့ အရက်သောက်တတ်တဲ့သူဟာ နှုတ်ခမ်း၊ ကင်ဆာ၊ ပါးစပ်တွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာလည်မျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတွေဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူကလည်း အဆုတ်ကင်ဆာ၊ ပါးစပ်တွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ နဲ့ ကျောက်ကပ်၊ ဆီးအိမ်ကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ အဖလာတော့စင် (Aflatoxin) အဆိပ်ပါတဲ့ မှိုတစ်မျိုးကနေ ကင်ဆာဖြစ်စေတယလို့ သိရပါတယ်။ ဒီမှိုကို မှိုတက်နေတဲ့ အစားအသောက်တွေ (ဥပမာ - မြေပဲ နဲ့ ငရုတ်သီးခြောက်တွေ) မှာ တွေ့ရတတ်ပါတယ်။ ဓါတုဗေဒ ဆိုးဆေးတွေ ပါဝင်တဲ့ အစားအသောက်တွေ (ဥပမာ - အချဉ်ထုပ်၊ လက်ဖက်၊ ငါးပိ၊ ခရမ်းချဉ်သီးချဉ်ရည် အမျိုးမျိုး)၊ ဆားသိပ်၊၊ ကျပ်တိုက်  ကျပ်တင်ထားတဲ့ အစားအစာများ (ဥပမာ - ငါးခြောက်)၊ အကျက်လွန်ပြီး တူးနေတဲ့ အစာများ (ဥပမာ - အကင်အမျိုးမျိုး) တို့က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ထူးခြားတာက ကော်ဖီအသောက်များလွန်းရင်လည်း အိုခရာတော့စင်  အေ (Ochratoxin A) ကြောင့် ပန်ကရိယ ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတွေ ဖြစ်နိုင်သေးတယ်ဆိုတာပါ။ ကြာရှည်ခံအောာင် နိုက်ထရိတ်၊ နိုက်ထရိုက် နဲ့ နိုက်ထရိုဆမင်း (Nitrate, Nitrite and Nitrosamine) တွေထည့်ထားတဲ့ ဝက်/ကြက်အူချောင်း၊ ငါးချဉ် စတာတွေအပြင် တိရစ္ဆာန်တွေကရတဲ့ အဆီနဲ့ မကျက်တဲ့ အသားတွေကလည်း အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာ၊ အစာဟောင်းအိမ် ကင်ဆာ၊ ပရောစတိတ်ကင်ဆာတွေကို ဖြစ်စေပြန်ပါတယ်။

ဒီအစားအသောက်တွေဟာ မြန်မာတွေ ခံတွင်းတကယ်တွေ့ကြတဲ့ အစားအသောက်တွေမို့ ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြုပြင်ပြောင်းလဲဖို့ တော်တော် ကြိုးစားကြရမှာပါ။ ဒါ့ထက် ပိုဆိုးတာက အရက်၊ ဆေးလိပ်နဲ့ ကွမ်းတွေကို ကြိုက်ကြသေးတဲ့အပြင် အစားအသောက်တွေကို နှမြောတဲ့စိတ်လေးနဲ့ မှိုတက်နေရင်တောင် မှိုတက်နေတဲ့နေရာလေးကို ဖယ်ပြီး စားသောက်တတ်ကြတာတွေက ကင်ဆာရောဂါကို မြန်မြန်ဖိတ်ခေါ်နေသလိုပါပဲ။

ကင်ဆာမှာ မျိုးရိုးလိုက်ပြီးဖြစ်တတ်တယ်လို့ ယူဆခဲ့ကြပြီး ဒီအချက်ကလည်း မှန်ကန်တယ်လို့ ဆိုနိုင်ပါတယ်။ မျက်စိမြင်လွှာကင်ဆာ (ကလေးများတွင် ဖြစ်တတ်)၊ အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥကင်ဆာတွေဟာ မျိုးရိုးလိုက်တတ်တယ်လို့ သိရပါတယ်။ အတိုချုံးလို့ ကင်ဆာဘာကြောင့် ဖြစ်ရသလဲဆိုရင်တော့ အများစုဟာ ပတ်ဝန်းကျင်အခြေအနေတွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အစားအသောက်၊ ရေနဲ့ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုတွေကြောင့် ဖြစ်တာပါလို့ ဆိုနိုင်ပါတယ်။

ကာကွယ်လို့ ရပါသလားဆိုရင်တော့....
ဟုတ်ကဲ့ တချို့ကင်ဆာရောဂါတွေကို ကာကွယ်လို့ ရနိုင်ပါတယ်။ အစားအသောက်ကြောင့် ဖြစ်လာမယ့် ကင်ဆာတွေကို ကာကွယ်ဖို့ ကိုယ် နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေကို ပြုပြင်ဆင်ခြင်ရမှာပါ။ ဆိုးဆေးပါမယ်ထင်တဲ့အစာကို လုံးဝရှောင်မယ်။ တာရှည်ခံ ပစ္စည်းတွေ သုံးထားတယ်ထင်တဲ့ အစာတွေကို ရှောင်မယ်။ အစိမ်းရောင်၊ အဝါရောင် အသီးအရွက်တွေကို များများစားမယ်။ အမျှင်များများ ပါတဲ့ အစာတွေ စားမယ်ဆိုရင် အစားအသောက်ကြောင့်ဖြစ်လာမယ့် ကင်ဆာတွေကို ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။ အသည်းကင်ဆာတွေ မဖြစ်ဖို့အတွက်ကတော့ အသည်းရောင်အသားဝါ ဘီ၊ စီ၊ ဒီ ကာကွယ်ဆေးတွေ ထိုးနှံထားသင့်ပြီး၊ အမျိုးသမီးတွေမှာ အများဆုံး ဖြစ်တတ်တဲ့ သားအိမ်ခေါင်းကင်ဆာ အတွက်လည်း ကာကွယ်ဆေးကို ငယ်စဉ်ကတည်းက ထိုးနှံထားလို့ ရနေပါပြီ။

ကင်ဆာရောဂါ ဖြစ်ပွားနှုန်းလျှော့ချရေးတွေကို ကမ္ဘာနဲ့အဝှမ်း၊ ကြိုးစားလုပ်ဆောင်နေကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံနိုင်ငံများနဲ့ လက်တွဲလို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိကြောင်းလည်း ဆရာကြီး ဦးစိုးအောင်က ရှင်းပြခဲ့ပါသေးတယ်။ မကြာသေးခင်က အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်း ASEAN Foundation အနေနဲ့ ASEAN Cancer Stakeholder Forum နှီးနှောဖလှယ်ပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကလည်း ပါဝင်လို့ ပူးပေါင်းဆောင်ရွက်ခဲ့သလို၊ ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ထပ်မံ လုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အောက်မြန်မာပြည် ဆေးသုတေသနဦးစီးဌာနက ခေတ္တ ပြန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးမျိုးခင်ကလည်း "ပထမဆုံး ခုဟာကတော့ ACTION Studies ခေါ်တာပေါ့နော်။  သူက ပထမဆုံး ဘယ်တုန်းကစတွေ့လည်းဆိုတော့ ၂၀၁၀ ပေါ့။ ASEAN Minister Meeting အာဆီယံကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးကနေစပြီးတော့ ဒီ အာဆီယံနိုင်ငံထဲမှာ ကင်ဆာနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ ကုန်ကျစားရိတ်၊ အာဆီယံထဲမှာ ကင်ဆာနဲ့ ပတ်သက်လို့ Studies ပေါ့ အလွယ်ပြောရရင်။ အဲဒါမျိုးစဖို့ ရည်ရွယ်ခဲ့တယ်။ ရည်ရွယ်ခဲ့ပေမယ့် ဗြုန်းခနဲ မပါနိုင်ဘူး။ အခု ပါနိုင်တဲ့ နိုင်ငံတွေက အာဆီယံနိုင်ငံ ရှစ်နိုင်ငံပါတယ်။ မပါတဲ့နိုင်ငံတွေက ဘရူနိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံ နှစ်ခု မပါဘူး။ ဘာလို့လဲဆိုတော့ ဘရူနိုင်းနိုင်ငံကျတော့လည်း လူဦးရေက နည်းနည်းလေးပဲ ရှိတယ်ပေါ့နော်။ ပြီးတော့ စင်ကာပူကျပြန်တော့လည်း သူ့နိုင်ငံက လူအပြင်ကို ကျန်တဲ့ သူ့ဆီမှာ လာကုတဲ့သူတွေကလည်း စာရင်းဇယားက အများကြီးရှုပ်ထွေးနေတယ်။ သူတို့နိုင်ငံမှာကျတော့ Medical Tourism ကို အားပေးတာကိုး။ မြန်မာနိုင်ငံကနေတောင် သွားကုကြတယ်။ အဲလို သွားကုကြတော့ သူတို့လည်း Data တွေ မှားမှာ ကြောက်လို့ သူတို့လည်း မပါဘူး။ ကျန်တဲ့ ရှစ်နိုင်ငံကတော့ ပါဖို့ သဘောတူထားတယ်။ သဘောတူထားတော့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စင်ကာပူမှာ အစည်းအဝေးတစ်ခု စလုပ်ပါတယ်။ ခု ဒီကိစ္စပေါ့။ Asean CosT In ONcology (ACTION) အဲဒီ Studies တစ်ခုလုပ်မယ်ဆိုပြီး ပထမဆုံး ကျန်းမာရေးဝန်ကြီးတွေက သဘောတူတယ်။ သဘောတူတော့ ဒီဟာတစ်ခုလုပ်တယ်။ ဒီဟာတစ်ခုလုပ်တော့ ဒီကနေပြီးတော့ ဆရာတို့ စုစည်းပြီးတော့ ပါတယ်ပေါ့နော်။ အားလုံး (၁၂) ယောက်ရှိတယ်။ လေ့လာသူ (၁၂) ယောက်။ ဆရာတစ်ယောက်နဲ့ဆို (၁၃) ယောက်က Plan လုပ်တယ်။ စပြီးတော့ ကျန်းမာရေးဌာနကလည်း ခွင့်ပြုချက်လည်းရပြီ။ စပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ မှန်းခြေအားဖြင့်တော့ ဒီ ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလမှာ စမယ်။ အဲဒါကတော့ တကယ့်ကင်ဆာ ဖြစ်ပွားနေတဲ့ လူတွေကို ဆရာတို့က အင်တာဗျူးတွေ မေးမယ်။ နောက် သူတို့ ဘာလိုသလဲပေါ့။ ဒီ အာဆီယံ တစ်ခုလုံးက လုပ်တာ။ သူတို့က စိတ်ဝင်စားလို့ပေါ့နော်။ တစ်နိုင်ငံကို လူတစ်ထောင်လောက် ဆရာတို့ လေ့လာဖို့ ရည်ရွယ်ထားတယ်။ အဲဒါက နှစ်နှစ်လောက် ကြာမယ်။ နှစ်နှစ်လောက် ကြာပြီးမှ အဖြေထွက်လာမှာပေါ့နော်။" လို့ ဆရာနဲ့ တွေ့ဆုံ အင်တာဗျူးခဲ့စဉ်က ပြောပြခဲ့ပါသေးတယ်။

စာရေးသူရဲ့ အမြင်ကတော့ ဆရာဝန်တွေနဲ့ ပညာရှင်တွေက တိုက်ဖျက်နိုင်ဖို့ ကြိုးစားနေပေမယ့် တကယ်လိုအပ်တာက မိမိကိုယ်တိုင်ရဲ့ ဆင်ခြင်ပြုပြင်နေထိုင်ခြင်းပါ။ နိုင်ငံသားကောင်းပီသစွာနဲ့ မိမိကိုယ်တိုင်၊ မိမိရဲ့ မိသားစုနဲ့ မိမိရဲ့ ပတ်ဝန်းကျင်မှာ မိမိသိရှိထားတဲ့ ကျန်းမာရေးဗဟုသုတ အသိပညာတွေကို လက်လှမ်းမီသလောက် ဖြန့်ကျက်ပေးပြီး ကင်ဆာရောဂါ ကင်းဝေးအောင် ဝိုင်းဝန်းကြိုးစားခြင်းဖြင့် ကိုယ့်နိုင်ငံမှာ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းလျှော့ချဖို့ ဆောင်ရွက်လိုက်ရအောင်လို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ဒီဆောင်းပါးလေး ဖြစ်လာဖို့ အချက်အလက်နဲ့ တွေ့ဆုံစကားပြောခွင့်ပေးခဲ့ကြပါတဲ့ ဆရာကြီး ဦးစိုးအောင်နဲ့ ဆရာကြီး ဦးမျိုးခင် တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။

သီဟလုလင်

Credit: Health Care Journal (Vol.3, No.1 - 6.1.2012)

1 comments:

chocolatecupidlay said...

ကင်ဆာအကြောင်းလေးတွေများများရေးလို့
ကျေးဇူးပါကိုသီပာရေ၊မှတ်သားစရာပါပဲ
"ကင်ဆာကို အနိုင်မပေးကြပါနဲ့"
ဆိုပေမဲ့ကျွန်တော့်အဖေကတော့ကင်ဆာကိုအရှုံးပေးလိုက်ရတယ်...