Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 11, 2012

သမ္မာကျမ်းစာ၏ အရွယ်သုံးပါး (ဒေသနာတော်)

 
ကျွန်တော့ရဲ့ Blog မှာ ယခင်အပတ်က ဆိုခဲ့တဲ့အတိုင်း ဘုရားသခင် အလိုတော်ရှိသရွေ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြည်တွင်း ပြည်ပရောက် ယုံကြည်သက်ဝင်သူ ဘာသာဝင်များ၊ မိမိတို့ အသင်းတော်၊ ဘုရားကျောင်းနဲ့ ဝေးကွာနေချိန်မှာ ဝိညာဉ်ရေးရာပိုင်း ခွန်အားယူနိုင်ဖို့ ဆရာတော်ကြီးများရဲ့ ဒေသနာတော်များကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ မယုံကြည်သူ အခြားဘာသာဝင်များလည်း အလွယ်တကူ လေ့လာဖတ်ရှုနိုင်အောင်လည်း ရည်ရွယ်ပါတယ်။ ယခုအပတ် မှာတော့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ဝေငှခဲ့တဲ့ ဆရာတော်ကြီး ဦးအောင်သက်ညွှန့် ရဲ့ “သမ္မာကျမ်းစာ၏ အရွယ်သုံးပါး” ဒေသနာတော်ကို ဖတ်ရှုနိုင်အောင် တင်ဆက် ပေးလိုက်ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!
 
နိဒါန်း

ယနေ့လူအများက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ကောင်းသောအရကို ရယူလိုကြသည်။ သို့သော် မိမိတို့ ကိုယ်တိုင်မှာမူ ထိုကောင်းသောအရာနှင့် ထိုက်တန်အောင် မပြင်ဆင်ကြပါ။ နိုင်ငံတော်သမ္မတကြီးက ယခု နိုင်ငံတော်အစိုးရအဖွဲ့ကို သန့်ရှင်းသောအစိုးရနှင့် ကောင်းသော အစိုးရဖြစ်ဖို့ ကြိုးစားအားထုတ်နေ ပါသည်။ လူအများက ထိုသို့ပြုခြင်းကို ကြိုဆိုကြသည်။ ခရစ်ယာန်များကလည်း ဝမ်းသာကြသည်။ နိုင်ငံတော် သမ္မတကြီးက အစိုးရအဖွဲ့ကို ထိုသို့ပြင်ဆင်နေချိန်၌ ကျွန်ုပ်တို့ တိုင်းသူပြည်သားများက သန့်ရှင်းသော ပြည်သူပြည်သားများ၊ ကောင်းသောပြည်သူပြည်သား များဖြစ်ဖို့ ပြင်ဆင်နေကြပါသလား။ အများက ထိုသို့မပြင်ဆင်ပါ။ နိုင်ငံတော်သမ္မတကြီး၏ စေတနာကို နားလည်ပါက တိုင်းသူပြည်သားများကလည်း မိမိတို့ အသက်တာအသီးသီးကို ကောင်းစွာ အသက်ရှင်ကြဖို့ ပြင်ဆင်သင့်ပါသည်။ ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့် သင်တို့အား ငါရေး၍ ပေးလိုက်၏။ အဘတို့၊ သင်တို့သည် ရှေးဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကို အောင်သောကြောင့် သင်တို့အား ငါရေး၍ ပေးလိုက်၏။ ... လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့် ပြည့်စုံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။” (၁ယော၊ ၂:၁၂-၁၄)

သူငယ်အရွယ်၌သာ ရှိနေကြသည်

သမ္မာကျမ်းစာ၌ ဖော်ပြထားသော အရွယ်သုံးပါးတွင် ပထမက သူငယ်အရွယ်၊ ကလေးအရွယ် ဖြစ်ပါသည်။ ယနေ့များစွာသော ခရစ်ယာန်များသည် ထိုအရွယ်၌ရှိနေကြပါသည်။ ကယ်တင်ခြင်းခံရသော အသက်တာ၊ အပြစ်လွတ်ခြင်းရသော အသက်တာ၌သာ ကျေနပ်နေကြသည်။ ထိုအသက်တာသည် သူငယ်အရွယ်ဖြစ်သည်။ အဖေအရွယ်၊ အဘအရွယ်ရှိသောသူက ရှေးဦးစွာကပင် ရှိတော်မူသော ဘုရားသခင်ကို သိသောသူများ ဖြစ်ကြသည်။ လူပျိုအရွယ်၌ရှိသောသူမှာမူကား နှုတ်ကပတ်တော်ကို မှီဝဲဆည်းကပ်ပြီး နှုတ်ကပတ်တော်အတိုင်း အသက်ရှင်သဖြင့် မာရ်နတ်ကို အောင်သောသူများ ဖြစ်ကြကြောင်း ဖော်ပြထားပါသည်။ ဦးစွာ ထိုအရွယ်သုံးပါးအကြောင်းကို ကျယ်ပြန့်စွာ လေ့လာဆင်ခြင်လိုပါသည်။ အရွယ်သုံးပါး၌ ပထမအရွယ်ဖြစ်သည့် သူငယ်အရွယ်နှင့် ပတ်သက်၍ ဆင်ခြင်လိုပါသည်။
 
“ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသောအခွင့် မရှိဘဲ၊ ဇာတိပကတိလူတို့အားလည်းကောင်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား လည်းကောင်း၊ ဟောပြောသကဲ့သို့ ဟောပြေရ၏။” (၁ကော၊ ၃:၁) ကလေးသူငယ်များ၏ သဘောသဘာဝက ပုံပြင်များကို ကြိုက်သည်။ ရယ်မောစရာများကို နှစ်သက်ကြသည်။ ယနေ့အသင်းတော်အများ၏ ဝတ်ပြုစည်းဝေး၌ ဟောပြောမှုများက ထိုသို့ ဖျော်ဖြေမှုပုံစံဖြစ်နေကြသည်။ နှုတ်ကပတ်တော်များများ ပြောပါက မနှစ်သက်ကြပါ။ တမန်တော်ကြီး ရှင်ပေါလုက ယုံကြည်သူများအား ကြေခဲသော အစာကျွေးလိုသည် ကျွေး၍ မရ၊ ဘုရားသခင်၏ နက်နဲသောအရာ ပြောပြလိုသည်။ ပြော၍ မရပါ။ ယုံကြည်သူအများက ကလေးအရွယ်၌သာရှိနေကြသည်။ ကလေးသဘာဝက နို့ကိုသာ မှီဝဲသုံးဆောင်ကြသည်။ ယနေ့အသင်းတော်၌ ယုံကြည်သူအများ အရွယ်က ကြီးနေပြီဖြစ်သော်လည်း နို့ဘူးစို့နေသောသူ အများရှိနေကြသည်။
 
“ယခုပင်လည်း ဇာတိ ပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်းရှိသည် ဖြစ်၍၊ သင်တို့သည် ဇာတိ ပကတိလူဖြစ်ကြသည် မဟုတ်လော။” (၁ကော၊ ၃:၃) ဇာတိပကတိလူနှင့် ဝိညာဉ်၌ သူငယ်အရွယ် ရှိသူများ အသက်ရှင်မှု တူကြသည်ကို တွေ့ရသည်။ ကလေးက မုန့်လုစားချင်သည်။ ရန်ဖြစ်ကြသည်။ ယနေ့ ကလေးဆန်သော လူကြီးများစွာ ရှိကြသည်။ ကလေးသည် မိမိလိုချင်သောအရာကို ကောင်းစွာ မတောင်း၊ ခြေဆောင့်လက်ဆောင့် လုပ်ပြီးမှ တောင်းတတ်ကြသည်။ ဘုရားသခင်ကို ဆုတောင်းရာ၌ ပင် မရိုမသေပြုတတ်ကြသည်။ တချို့သောအမှုတော်ဆောင်များပင်လျှင် ထိုအရွယ်၌ ရှိနေကြသည်။
 
“ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လို စကားပြော၏။ သူငယ်လို စိတ်ထင်၏။ သူငယ်လို ကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကို ငါပယ်ရှား၏။” (၁ကော၊ ၁၃:၁၁) ကျွန်ုပ်တို့သည် ကလေးဘဝ၌ မဆင်မခြင်အသက်ရှင်ကြသည်။ လူကြီးကို ရိုသေလေးစားရမှန်းမသိ၊ ရိုင်းစိုင်းတတ်သည်။ တွေးထင်မှုကလည်း ကိုယ့်အတွ့်သာ စဉ်းစားသည်။ အခြားသူများအတွက် မစဉ်းစား၊ မဆင်ခြင်တတ်ပါ။ အချို့ကိစ္စများ၌ ရှင်းပြ၍ နားမလည်တတ်ပါ။ ယနေ့ အသင်းတော်များ၌ ထိုသို့သောလူ များစွာ ရှိကြသည်။ သင်းအုပ်ဆရာကို စိတ်ကောက်ကြသည်။ သင်းလူကြီးများကို စိတ်ကောက်ကြသည်။ ကလေးက မိဘများလက်၌ အပေါ့အလေး စွန့်တတ်ကြသည်။ ပြုသင့်မှန်း၊ မပြုသင့်မှန်း မသိပါ။ သန့်ရှင်းရ ကောင်းမှန်းမသိကြပါ။ လူကြီးများက သူတို့ကို စိတ်မဆိုး၊ နားလည်ပေးကြသည်။ ယနေ့ အသင်းတော်များ၌ ထိုသို့သော ကလေးဆိုးကြီးများ များစွာ ရှိကြပါသည်။ တိုင်းပြည်၌လည်း ထိုသို့သော အသိပညာအရာ၌ ကလေးဆိုးကဲ့သို့သောသူများ ရှိနေပါက တိုင်းပြည်အတွက် အကျိုးနည်းဆရာ ဖြစ်သည်။ အစိုးရက မည်မျှ ကောင်းအောင် လုပ်ပေးစေကာမူ အကောင်းမမြင်၊ အကောင်းမပြော၊ အစိုးရကို အပြစ်မြင်၊ အထက်လူကြီးများကို အပြစ်မြင်ပြီး ကလေးဆန်သောသူ များစွာကို ယနေ့ တွေ့နေကြရသည်။ သို့ဖြစ်၍ ယုံကြည်သူ ခရစ်ယာန်များအနေနှင့် အခြားသူ အကျိုးကို မကြည့်တတ်၊ မိမိ အကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး အသက်ရှင်တတ်ကြသော ဝိညာဉ်ကလေးသူငယ်အရွယ်မှ လူပျိုအရွယ်သို့ တက်လှမ်းကြဖို့ရန် အလေး ဂရုပြုအသက်ရှင်သင့်ပါသည်။

သန့်ရှင်းစွာ အသက်ရှင်လာကြသည်

လူပျိုအရွယ်၊ လူငယ်အရွယ်ရောက်လာသည့်အခါ အဝတ်အစား၊ အနေအထိုင်၊ အပြောအဆိုမှ အစ ပြောင်းလဲလာပါသည်။ ရှက်တတ်လာသည်။ အဝတ်မပါဘဲ ထွက်ပြေးသောကလေးအသက်တာ မရှိတော့။ စကားပြောလျှင်လည်း သူများကြားမည်စိုး၍ တိုးတိုးပြောတတ်လာသည်။ “သင်၏ အသက်အရွယ် နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်၊ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။” (၁တိ၊ ၄:၁၂) ကလေးဘဝက နှုတ်ကပတ်တော်ကို အလေးမထား၊ အာရုံမစိုက်တတ်ကြ။ နားထောင်ပြီး အပြင်ထွက်သည်နှင့် မေ့ပစ်လိုက်ကြသည်။ လူပျိုဘဝရောက်လာသည့်အခါ နှုတ်ကပတ်တော်ကို မှီဝဲတတ်လာသည်။ အသင်းတော်၌ ဇာတိအသက်အရွယ်အားဖြင့် မည်မျှ ကြီးကြီး နှုတ်ကပတ်တော်ကို မမှီဝဲ၊ အလေးဂရုမပြုပါက ဝိညာဉ်၌ ကလေးအရွယ်သာ ရှိသေးသည်ကို သိပါ။ လူပျိုအရွယ်ဖြစ်လာသည့်အခါ အရှက်ကွဲစရာ အလုပ် မလုပ်တော့ပါ။ ဆင်ခြင်ထိန်းသိမ်းတတ်လာသည်။ ထိန်းချုပ်တတ်လာသည်။ အရှက်သိက္ခာကို တန်ဖိုးထားတတ်လာကြပါသည်။ လုပ်သင့်သောအရာ၊ မလုပ်သင့်သောအရာ၊ ပြောသင့်သောအရာ၊ မပြောသင့်သောအရာကို ပိုင်းခြားတတ်လာပြီး ပြုမူပြောဆိုလာတတ်ကြပါသည်။ ကလေးဘဝအရွယ်က မိမိကို ချစ်သောသူ၊ မိမိအလိုလိုက်သောသူအားသာ ချစ်တတ်ခဲ့သော်လည်း လူပျိုအရွယ် ရောက်လာသည့်အခါ ချစ်စရာမကောင်းသောသူကိုလည်း ချစ်တတ်လာပါသည်။ အချို့သော ခရစ်ယာန်များ နှစ်အတန်ကြာလာသည့်တိုင် သမ္မာကျမ်းစာကို မဖတ်ကြ၍ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားမသိကြပါ။
 
“အသက်ကြီးသောသူတို့ကို ကျပ်တည်းစွာမဆုံးမနှင့်၊ အဘကဲ့သို့မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊ အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့်တကွ နှမကဲ့သို့လည်းကောင်း၊ မှတ်၍ ကျင့်လော့။” (၁တိ၊ ၅:၁-၂) အချို့သော ခရစ်ယာန်များ ကလေးအရွယ်၌ ရှိကြသည့်အခါ လူကြီးသူကြီးမှန်းမသိ၊ မလေးစားမရိုသေကြ။ လူကြီးတစ်ယောက် ကားပေါ်တက်လာသည့်အခါ နေရာဖယ်ပေးသင့်ပါလျက် အချို့က နေရာလွတ်သွားလျှင်ပင် လု၍ ထိုင်ကြသည်။ ဤမျှရိုင်းစိုင်းကြသည်။ သမ္မာကျမ်းစာက အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့ မှတ်ယူ၍ ကျင့်ဖို့၊ မိန်းမပျိုတို့ကို နှမကဲ့သို့ မှတ်ယူ၍ ကျင့်ကြဖို့ သွန်သင်ထားပါသည်။ ယောသပ်သည် ထိုသို့သော အမြင်ရှိသူဖြစ်သည်။ ပေါတိဖာ၏မယားက သူ့ကို သွေးဆောင်သည့်အခါ ထိုအမှုကို ပြုခြင်းသည် သူ့မယားကို ပြစ်မှားခြင်း ဖြစ်သလို၊ ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်ဟု သိမှတ်ပြီး ရှောင်ပါသည်။ လူပျိုအရွယ်၌ နှုတ်ကပတ်တော်ကို မှီဝဲသောကြောင့် ထိုသို့သော စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်မြင်ခဲ့ပါသည်။ ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အသက်တာကို ကြည့်ပါကလည်း ညစ်ညူးသောအစာများကို ရှောင်ပြီး သန့်ရှင်းစွာ အသက်ရှင်ခဲ့ကြသည်ကို တွေ့ရသည်။ သိပ္ပံမှူးတင်က ယနေ့လူပျို၊ လူရွယ်များသာမက မိန်းမပျိုများပင်လျှင် ဘီယာများကို မှီဝဲနေကြကြောင်း ပြောဆိုထားပါသည်။ တိုင်းပြည်၌ စာရိတ္တများ ကျဆင်းနေကြသည်။ နှုတ်ကပတ်တော်ကို မှီဝဲပြီး နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ကြါက ထိုသို့ ဖြစ်ကြမည် မဟုတ်ပါ။ ဒံယေလတို့လူစုသည် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ဗိမ္မာန်ဖြစ် သည့် ခန္ဓာကိကိုယ်ကို အရက်သေစာအားဖြင့် မဖျက်ဆီးပါ။ ဘုရင့်အမိန့်တော်ရှိလျက်ပင် မမှီဝဲ ရှောင်၍ သန့်ရှင်းစွာ အသက်ရှင်ခဲ့ကြပါသည်။ ယနေ့ခရစ်ယာန်များထဲ၌ ကလေးမဆန်ဘဲ ဒံယေလတို့ကဲ့သို့  မိမိတို့ ကိုယ်ကို တန်ဖိုးထား၍ သန့်ရှင်းစွာ အသက်ရှင်ကြသောသူ များစွာ ရှိပါက တိုင်းပြည်အတွက်လည်း မည်မျှ အကျိုး ရှိမည်နည်း။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်သော ဗိမ္မာန်တော် ဖြစ်သည်ဟု သိမှတ်ပြီး အလေးထားလျက် သန့်ရှင်းစွာ အသက်ရှင်ကြပါက ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ကောင်းကြီးပေးမည် ဖြစ်ပါသည်။ ဝိညာဉ်သဘောရှိခြင်းသည်လည်း ယုံကြည်သူ တစ်ဦးအသက်တာ၌ အလွန်အရေးကြီးပါသည်။ ပရောဖက်ကြီး ယေရမီက ငါ့ဝိညာဉ်၏ သဘောဟူမူကားဟု ဆိုသကဲ့သို့ ဘုရားသခင်သည် ငါ့အဘို့ ဖြစ်သည်ဟု ဆိုပါသည်။ ဘုရားသခင်သည် ငါ့အဘို့ ဖြစ်သည်ဟု သိပါက ဘာမျှမလိုတော့ပါ။ ထိုသို့မသိသောသူများမှာမူကား အကျင့်ဆိုး၊ အကျင့်ဟောင်းများထဲတွင် ကျင်လည်နေဦးမည်ဖြစ်သည်။ စာရိတ္တများ ယိုယွင်းချစားနေပြီး တိုင်းပြည်ကြီးကို အကျိုးပြုမည့်သူများ ဖြစ်လာနိုင်မည်မဟုတ်ပေ။ နေဟမိသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသောကြောင့် သူ့မြို့၌ တာဝန်ယူလာရသည့်အခါ အရင်လူတို့ကဲ့သို့ မပြုပါ။ သူလိုအပ်သောအရာများအတွက် မြို့ဝန်ထံ၌ သူမတောင်းပါ။ ဘုရားသခင်ထံ၌သာ တောင်းသည်ကို တွေ့ရသည်။ (နေဟ၊ ၅:၁၇-၁၈) 
 
ကျွန်ုပ်တို့သည် အသင်းတော်၌ မိမိတို့တတ်နိုင်သည့်ကဏ္ဍမှ တပိုင်တနိုင် ပါဝင်တတ်ကြဖို့ လိုပါသည်။ ယနေ့အများက ကလေးဆန်ပြီး ကိုယ်ရဖို့သာ အာရုံထားပြီး အသက်ရှင်နေကြသည်။ လူပျိုအရွယ်ရောက်လာသည့်အခါ ကျွန်ုပ်တို့ ကလေးမဆန်ကြတော့၊ ကိုယ်ရဖို့သာ မကြည့်တော့ဘဲ အခြားသူကို ဘာပေးရမလဲဟု အာရုံပြုတတ်လာကြပါသည်။ ကလေးဘဝက အခြားသူများ ခရစ်တော်ကို ရဖို့ အလေးမထားတတ်ကြသော် လည်း လူပျိုဘဝ ရောက်လာသည့်အခါ အခြားသူများ ခရစ်တော်နှင့် ထိတွေ့လာဖို့ ပါဝင်လုပ်ဆောင် လာတတ်ကြပါသည်။ ဘုရားသခင် ကောင်းမြတ်ကြောင်းကိုလည်း အခြားသူများကို ပြောလာတတ်ကြ ပါသည်။ ကလေးဘဝက ညစ်ညစ်ပတ်ပတ် နေတတ်သော်လည်း လူပျိုအရွယ် ရောက်လာသည့်အခါ သန့်ရှင်းလှပအောင် ပြုမူနေထိုင်လာတတ်ကြသည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ သန့်ရှင်းစွာ အသက်ရှင်ခဲ့ကြသဖြင့် ထိုတိုင်းပြည်ကြီး၌ တရားဟောစရာပင်မလို မင်းကြီးကိုယ်တိုင်က ရှာဒရက်တို့ ဘုရားသခင်အား ပြစ်မှားသောစကားကို ပြောလျှင် ထိုသူကို အပိုင်းပိုင်းစဉ်းစေ၊ သူ၏ အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု အမိန့်ထုတ်ရသည့်အထိ ဖြစ်ခဲ့ပါသည်။ ဤသည်တို့ကို ဆင်ခြင်နှလုံးသွင်းပါ ခရစ်ယာန်များ၏ အသက်ရှင်မှုသည် မည်မျှအရေးကြီးကြောင်း ဆင်ခြင်သိနိုင်ပါသည်။

အသီးသီးသော အသက်တာနှင့် ကြွယ်ဝစိမ်းလန်းဖို့

လူပျိုအရွယ်မှ လွန်မြောက်လာပြီးနောက် ယုံကြည်သူများအဘအရွယ်သို့ ရောက်လာကြပါသည်။ အဘ အရွယ်သည် ရှေးဦးစွာကပင် ရှိသော ဘုရားသခင်ကို သိကြသောသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို သိခြင်းနှင့် ဘုရား၏ အကြောင်းကို သိခြင်းက များစွာ ကွာခြားပါသည်။ ယနေ့ ခရစ်ယာန်များစွာ ဘုရားအကြောင်း သိကြသည်။ ဘုရားကို မသိကြပါ။ ဘုရား၏ အကြောင်းကို များစွာ သိသော်လည်း ဘုရားရှင်ကို ပုဂ္ဂိုလ်ချင်း မသိကြသူများမှာ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ကြပါ။ ဘုရားအကြောင်းများစွာသိပြီးမှ ဘုံဆိုင်၌ လဲနေသောသူများစွာ ယနေ့ရှိနေကြပါသည်။ အဖေဘဝ ရောက်လာသည့်အခါ ရှေးဦးစွာမှစ၍ ရှိသော ဘုရားသခင်ကို သိသည်ဟု ဖော်ပြထားပါသည်။ ထိုသူတို့သည် ဘုရားသခင်ကို သိသောကြောင့် များစွာ ကောင်းကြီး ခံစားကြရပါသည်။  
 
“ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် ငါတို့ ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။” (ဆာ၊ ၉၂:၁၃-၁၄) ယနေ့အသင်းတော်ဟုဆိုပြီး အသင်းတော်လုပ်တမ်းကစားနေကြသော အသင်းတော်များစွာ ရှိသည်။ အချို့သော အသင်းတော်များက ဘိုလာနိုးထ အသင်းတော်ဖြစ်သည်။ ဘိုများ လာတရားဟော ကျမ်းစာသင်သည့်အခါ ခရစ်ယာန်များစွာ လာကြပြီး သီချင်းများ သီဆိုချီးမွမ်း၍ နိုးထသယောင် ရှိကြသည်။ ဘိုများ ပြန်သွားသောအခါ ပုံမှန်အတိုင်း လူအနည်းငယ်သာ ရှိသည်။ ဟန်ဆောင်လုပ်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တည်းဟူသော စစ်မှန်သော အသင်းတော်ကား ဘိုလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ဘုရားသခင် အုပ်စိုးနေသောကြောင့် အစဉ်နိုးထနေပါသည်။ ထိုသို့သော အသင်းတော်၌ ပါဝင်နေသောသူများ ထိုအသင်းတော်၌ အုပ်ချုပ်နေသော သင်းအုပ်များတို့သည် ဘုရားသခင် ကောင်းကြီးနှင့် ပွင့်လန်းနေရုံမျှ မက အသက်အရွယ်ကြီးရင့်လာလျှင်လည်း အသီးကို သီး၍ ကြွယ်ဝပြည့်စုံပြီးအများသူငှာ အားကျသော အသက်တာ၌ ရှိကြမည်ဖြစ်သည်။ ဘုရားကို မသိသော အသက်တာက အသက်ကြီးလာသောအခါ ခြောက်သွေ့သွားကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ကလေး အရွယ်၌သာ ရှိမနေဘဲ ခရစ်တော်ကို သိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွှတ်တည်းကြီးရင့်သော လူအဖြစ်သို့ရောက်ဖို့ ဘုရားသခင်က အလိုတော်ရှိသည်ဟု တမန်တော်ကြီး ရှင်ပေါလုက သွန်သင်ခဲ့သည်။ (ဧ၊ ၄:၁၃) အချို့အသင်းတော်၌ သင်းအုပ်ဆရာကြီးများ ကလေးဆန်နေကြသေးသည်။ မိမိအသင်းသားများ အခြားအသင်းတော်၌ သွားတက်သည့်အခါ ထိုသူကို စကားမပြောတော့။ အချို့ အမြင်ကျယ်သော သင်းအုပ်များက အခြားအသင်းတော်များသို့ သွားခိုင်းသည်။ ရရှိလာသော အတွေ့အကြုံ များကို အသင်းတော်၌ ပြန်လည်ဝေငှခိုင်းသည်။ ပြန်၍ အသုံးပြုခိုင်းပါသည်။ ထိုသို့အားဖြင့် အသင်းတော် တိုးတက်ကြီးပွားလာဖို့ ပါဝင်သင့်ပါသည်။ အဘ သဘောရှိလာသောသူများသည် ကျဉ်းမြောင်းသော အမြင် ထားရှိပြီး သားသမီးများကို မအုပ်ထိန်းပါ။ အဘသဘောမရှိသောသင်းအုပ်များက ယနေ့အထိ သဘောထား သေးကြသည်။ ဟိုသွားမကြိုက်၊ ဒီသွားမကြိုက်၊ ဟိုလူနဲ့ မတွဲစေချင်၊ ဒီလူနဲ့ မတွဲစေချင် ဖြစ်ကြသည်။ အမြင်ကျယ်ကျယ်ထား၍ ဘုရားသခင်၏ အသင်းတော်၌ သူတို့ကို စိုက်ပျိုးသွန်သင် ထားဖို့ လိုပါသည်။ သို့ပြုထားပါက သူတို့ ဘယ်သွားသွား၊ ဘာလုပ်လုပ် စိတ်ပူစရာ မလိုတော့ပါ။ တဖန် အဘဖြစ်သောသူတို့၏ သဘောထားက ယူဖို့ထက် မိမိကသာ ပေးချင်ကြပါသည်။
 
ရှေးလူကြီးများက သတိနှင့် ယှဉ်၍ မြင်စရာအသိပေးခဲ့သည့်အရာ ရှိသည်။ မိဘနှစ်ပါးက သားသမီး ဆယ်ယောက်ကို ကျွေးနိုင်သည်။ သို့သော် သားသမီး ဆယ်ယောက်က မိဘနှစ်ပါး ကို မကျွေးနိုင်ဟု ဆိုပါသည်။ ယနေ့လောကကြီး၌ ကျေးဇူးမသိတတ်သောသူ များစွာ ရှိကြပါသည်။ အချို့သားသမီးများ မိဘကို အပြစ်တင်ကြသည်။ နှုတ်ကပတ်တော်က မိဘကို ရိုသေစွာ ပြုဖို့ရန် သွန်သင်ထားသော်လည်း အလေးမထားကြ၊ ရိုသေပါဟုဆိုရာ၌ အဖေ အရက်သမားဖြစ်ပါစေ ရိုသေဖို့ ဖြစ်ပါသည်။ ယနေ့သားသမီးများ ကျမ်းစာအနည်းငယ်သိသည်နှင့် မိဘကို မလေးမစား ပြုကြသည်။ မိဘကို ပြန်၍ ဆရာလုပ်နေကြသည်။ (လု၊ ၁၅) တွင် ပျောက်သောသား အဖထံမှ အမွေတောင်းပြီး အဝေးထွက်ကာ သုံးဖြုန်းပစ်ပြီးမှ ပြန်လာပါသည်။ နောင်တနှင့် ပြန်လာသောသားကို ဖခင်သည် နွေးထွေးစွာလက်ခံ၍ အားလုံးကို ပြန်လည်ခံစားစေပြီး မေတ္တာပြပါသည်။ ယနေ့ ဖခင်များ မိမိတို့ သားသမီးများအပေါ်၌ မည်မျှဆိုးစေကာမူ မေတ္တာနှင့်အချိန်ယူပြီး သွန်သင်ပဲ့ပြင် ပေးဖို့ လိုပါသည်။ သားသမီးများအပေါ်၌ မကောင်းစကားကိုသာ ပြောပြီး အဆိုးမမြင်ကြဖို့ သတိပြုသင့်ပါသည်။ 
 
(ယော၊ ၆:၅-၁၃) တွင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အဖြစ်အပျက်တွင် အများက စားဖို့ ဝါးဖို့ စိတ်ဓါတ်နှင့်သာ အသက်ရှင်ကြသည်။ ယနေ့အသင်းတော်များတွင်လည်း စားသောက်ပွဲ ဆိုပါက လူများစွာ လာကြသည်။ ဆုတောင်းစည်းဝေးဆိုပါမူ လာသောသူ နည်းပါသည်။ လူအုပ်ကြီးတွင် ပေးဖို့ထက် စားဖို့သာ အာရုံပြုနေကြသော လူကြီးများတွင် လူငယ်လေး တစ်ယောက်က မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ပါလာသော်လည်း ထိုစားစရာအားလုံးကို သခင်ယေရှုလက်သို့ အပ်လိုက်ပါသည်။ လူက ငယ်သော်လည်း အဘစိတ်ဓါတ်ရှိသော လူငယ်လေးဖြစ်သည်။ ယနေ့အသင်းတော်များ၌ လူကကြီးနေသော်လည်း မိမိရဖို့သာ ကြည့်နေသော အသက်ကြီးပြီး ကလေးဆန်နေသော လူများစွာ ရှိကြပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အသီးသီး မိမိတို့အသက်တာများ၊ မိမိတို့ အရွယ်များကို ဆင်ခြင်၍ ကလေးအရွယ်၌ ရှိနေပါက လူငယ်လူရွယ်၊ လူပျိုအရွယ်သို့ တက်လှမ်းဖို့ ပြင်ဆင်သင့်သလို၊ လူပျိုအရွယ်၌ ရှိနေပါကလည်း အဘအရွယ်သို့ တက်လှမ်းဖို့ရန် ပြင်ဆင်ခြင်းအားဖြင့် မိမိတို့ ရှိနေသည့် တိုင်းနိုင်ငံ၊ အသင်းတော်၌ ဘုရားသခင် ဘုန်းထင်ရှားသော ယုံကြည်သူများ၊ သူတပါးကို အကျိုးပြုသော ယုံကြည်သူများ ဖြစ်ကြဖို့၊ အသက်တာများကို ပြင်ဆင်ကြရန် မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

1 comments:

jasmine(တောင်ကြီး) said...

“သင်၏ အသက်အရွယ် နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်၊ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။”
လူသားအားလုံး သစ္စာရှိကြပါ-----စိတ်ထားလေးတွေဖြူကြပါစေလို့
ခင်မင်တဲ့ sis jasmine
ဘုရားသခင်ရဲ့ ငြိမ်းချမ်းမှုအောက်မှာ ထာဝရရှိနေပါစေလို့