Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, March 23, 2012

ရင်ကိုမှန်သော စာတိုလေးများ (၂)


ကျွန်တော် ဖတ်သမျှ စာတိုပေစလေးတွေထဲက ဖတ်ဖတ်လိုက်ချင်း ကျွန်တော့ရင်ကို လှုပ်ရှားသွားစေပြီး ခံစားချက်တစ်စုံတရာပေးစွမ်းတဲ့ စာတိုလေးများကို ကျွန်တော့ Blog ကနေ စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေကို “ရင်ကိုမှန်သော စာတိုလေးများ” ခေါင်းစဉ်ကြီးအောက်ကနေ ဝေမျှပေးချင်ပါတယ်။ ပထမတစ်ခေါက်တုန်းကတော့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးပြဿနာလေးကို အကြောင်းပြုရေးဖွဲ့ထားတဲ့ တစ်မျက်နှာဝတ္ထုတိုလေးကို တင်ဖြစ်ပါတယ်။ ဒီတစ်ခါစာတိုလေးကတော့ ဝတ္ထုဇာတ်လမ်းလေးမဟုတ်ပါဘူး။ ဆောင်းပါးဆန်ဆန် ရေးဖွဲ့ထားတဲ့ တိုက်တွန်း နှိုးဆော်စာပုံစံမျိုးလေးပါ။ ရေးဖွဲ့ထားသူက အောင်ကျော်ညို (ဆင်းချဆိပ်) ဖြစ်ပြီး နိုင်ငံပိုင် သတင်းစာ တစ်စောင်ဖြစ်တဲ့ မတ်လ (၂၂) ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရဲ့ ယနေ့ဖတ်စရာ၊ မှတ်စရာ ကဏ္ဍမှာ ပါဝင်ခဲ့တာပါ။ ခေါင်းစဉ်ကိုတော့ “လှိုင် ဇာတ်လမ်းတွဲများ” လို့အမည်ပေးထားပါတယ်။ စာဖတ်ဝါသနာပါတဲ့ မိတ်ဆွေများ ဖတ်ရှုကြည့်ပြီး ရင်ကိုမှန် မမှန်လည်း သိချင်ပါတယ်။ ခံစားကြည့်ပါဦးဗျာ။ (သီဟလုလင်)


လှိုင် ဇာတ်လမ်းတွဲများ - အောင်ကျော်ညို (ဆင်းချဆိပ်)

ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်အနောက်ဘက်ကမ်းတွင် ကျွန်တော် ကျောင်းဆရာ ၁၇ နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။ နေ့စဉ် လှိုင်မြစ်ကိုကူး၍ ကျောင်းတက်ခဲ့ရသည်။ ကျွန်တော်ကဲ့သို့ ဆရာ ဆရာမ ၁၀၀ ကျော်နှင့် အနောက်ဘက်ကမ်းနေ ပြည်သူ ၄၀၀၀၀ ခန့်တို့သည်လည်း လှိုင်မြစ်ကို ဖြတ်ကျော် ကာ နေ့စဉ် သွားလာနေကြရသည်။ ကူးစရာဆို၍ စက်တပ်သမ္ဗန်လေးများမှ တစ်ပါး အခြားမရှိပါ။

လှိုင်မြစ်သည် ရေစီးမမှန်၊ ရေစီးလည်းသန်သည်။ နေရာအနှံ့ ဝဲဂယက်ရှိသည်။ လှိုင်မြစ်သည် စီးပွားရေး မြို့တော် ရန်ကုန်၏ အသက်သွေးကြောပမာ ကုန်စည်စီးဝင်ရာ ဗဟိုချက်ဖြစ်သည်။ သင်္ဘောကြီးများ ပုံမှန် ဝင်ထွက်သွားလာနေကြသည်။ လှိုင်မြစ်သည် စုန်ချည်ဆန်ချည် ပျားပန်းခပ်မျှ ဥဒဟိုမောင်းနှင်လျက် ရှိနေကြသော သင်္ဘော၊ ရေယာဉ်မျိုးစုံနှင့် နေ့ညမပြတ် စည်ကားနေသည်။ မြစ်ပြင်တစ်ကြော နေရာအနှံ့ တွင်လည်း ရေပျော်သံဗောကြီးများ ခေါင်းလေးမော့ကာ ရေစီးကို အန်တုလျက်ရှိနေကြသည်။ သစ်လုံးတင်၊ သဲကျောက်တင် (Flat) ဖလပ်ပြားကြီးများမှအစ သင်္ဘောကြီးငယ်များ ရပ်နားရာနေရာ ဖြစ်သည်။ ထိုဗောတစ်လုံးစီတွင် သင်္ဘောကြီးငယ် အနည်းဆုံး သုံးစင်းမှ ခြောက်စင်း၊ ခုနစ်စင်းအထိ တန်းစီ မှေးစက် အမောဖြေတတ်ကြသည်။

ခရီးသည်များကို နေ့စဉ်ပို့ဆောင်ပေးနေကြသော စက်တပ်သမ္ဗန်လေးများသည် ရေလယ်ဗောမှာ အနားယူနေကြသော သင်္ဘောများ၊ အပြိုင်မောင်းနေကြသော ရေယာဉ်ကြီးငယ်များနှင့် ရေမျောဒိုက်များ၊ အမှိုက်များကို ရှောင်ကာရှားကာ ကွေ့ကာဝိုက်ကာ လှည့်ကာပတ်ကာဖြသ့် သတိထားမောင်းနှင်နေကြ ရသည်။ အကြောင်းအမျိုးမျိုးကြောင့် စက်ရပ်သွားခြင်း၊ သမ္ဗန်တိမ်းမှောက်သွားခြင်း ဖြစ်သွားပြီ ဆိုလျှင် ဗောများရှိ သင်္ဘောတန်းကို ရှောင်ကွင်းနိုင်က ဆိုးဆိုးရွားရွား ပြဿနာမရှိ။ သို့မဟုတ်ပါက တဟည်းဟည်းရေစီးနှင့်အတူ တန်းစီသင်္ဘောများအောက်သို့ လူရောသမ္ဗန်ပါ တလိမ့်ခေါက်ကွေး စုံးစုံးမြုပ်သွားကြရသည်။ ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာမှ “မြုပ်လေပေါ့ ပေါ်မလာ” ဖြစ်ကြရသည်။ လှိုင်မြစ်အတွင်းမှာ မကြာမကြာ အသုံးတော်ခံနေသည့် မရိုးနိုင်သော ဝမ်းနည်းစရာ ဇာတ်လမ်းတွဲ များ ဖြစ်ပါသည်။

ကြေးမုံစာတည်း၏ “ပြည့်သူ့အသက် သင့်လက်တွင်းမှာရှိသည်” ရှုထောင့်အမြင်ကို ဖတ်ပြီး ကြည့်မြင်တိုင် အနောက်ကမ်းမှ ပြည်သူများနှင့် ဝန်ထမ်း ၁၀၀ ကျော်၏ အသက်သည် သမ္ဗန်သမားလေးများ၏ လက်ထဲမှာလား။ ရေပျော်ဗောကြီးများဆီမှာလား။ ဒါမှမဟုတ် လှိုင်မြစ်၏ အေးစက်ရင်ခွင်ထဲမှာလား။ စဉ်းစားကြည့်မိပါသည်။ အကယ်၍ ရေဗောကြီးများသာမရှိပါက တန်းစီသင်္ဘောများ မရှိနိုင်သလို၊ ရေလယ်တွင် စက်ရပ်တိမ်းမှောက်ငြားလည်း ရေသင့်ရာမျောပါရင်း အကူအညီ ရယူနိုင်သည်။ ယခုကား အကူအညီယူချိန်မရမီ သင်္ဘောတွေအောက် ရောက်သွားရသည်။ မသေသင့်ဘဲ သေကြရသည်။ ကာလရှည်ကြာရှိခဲ့ပါပြီ။

ယနေ့တိုင် လှိုင်မြစ်က တဟည်းဟည်းနှင့် စီးဆင်းနေမြဲ။ သင်္ဘောကြီးငယ်များ၊ စုန်ဆန်သွားလာနေမြဲ။ ရေဗောကြီးများတွင် သင်္ဘောကြီးငယ်များ တန်းစီးမှေးစက်နေဆဲ။ လူစီးသမ္ဗန်လေးများ ကွေ့ဝိုက်မောင်းနှင်ကာ ဝတ္တရားမပျက် အကျိုးဆောင်ပေးနေဆဲ။ ဘုရား တ ရင်း သွားလာနေကြရသော ပြည်သူများ၊ နေ့တိုင်း တရားစာရွတ်ဆိုကုသိုလ်ရယူနေကြဆဲ...။
လှိုင်ဇာတ်လမ်းတွဲများကို မကြည့်လို မမြင်လိုတော့ပါပြီ။       ။

3 comments:

Yin Sue said...

ကိုသီဟရေ ... အဲ့လိုစာလေးတွေ သဘောကျတယ်ဗျာ....ဘာပဲပြောပြော သတင်းစာမှာပါလာတာဆိုတော့လည်း...ရေပျော်ဗောကြီးတွေ ဖယ်ပေးလောက်ပါတယ်နော်.....ဒါမျိုးစာတွေက လူတွေအများကြီးအသက်ကိုကယ်နိုင်တဲ့စာဖြစ်တဲ့အတွက် ရေးသူကိုလည်း ကျေးဇူးတင်ရသလို ပြန်လည်ဝေမျှတဲ့ ကိုသီဟကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ.....

jasmine(တောင်ကြီး) said...

သီဟရေ
စာကောင်းစာမွန်လေးကိုမျှဝေပေးလို့ကျေးဇူးပါ

ချစ်စံအိမ် said...

စာကောင်းလေးတွေဖတ်ခဲ့ပါတယ်
မျှဝေပေးတာကျေးဇူးတင်ပါတယ်