Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 11, 2012

ရင်ကိုမှန်သော စာတိုလေးများ (၁)


“ရင်ကိုမှန်သော စာတိုလေးများ” ဆိုတဲ့ ခေါင်းစဉ်ကြီးလေးတစ်ခုကို ဒီနေ့တော့ စပြီး တည်ဆောက်ဖြစ်သွား ပါပြီ။ ဒီခေါင်းစဉ်ကြီးအောက်နေမှ ကျွန်တော်နှစ်သက်သဘောကျတဲ့ စာတိုပတ်စလေးတွေကို စုစည်း တင်ဆက်ပေးသွားချင်ပါတယ်။ အဓိက ကတော့ ကျွန်တော့လို စာဖတ်ဝါသနာပါသူတွေနဲ့ ဖတ်ရသမျှ စာလေးတွေထဲက ကောင်းရာနိုးနိုးလေးတွေကို တဆင့်ဝေမျှပေးသွားချင်လို့ပါ။ ဒီနေ့ ဒီ ခေါင်းစဉ်ကြီးအောက် ကနေမှ “မြင်းမိုရ်တောင်ကို ရွှေ့သူများ” ဆိုတဲ့ တစ်မျက်နှာဝတ္ထုတိုလေးကို ဝေမျှပေးချင်ပါတယ်။ ဒီ တစ်မျက်နှာဝတ္ထုလေးကို တိုတိုနဲ့ ပေးချင်တဲ့ အကြောင်းအရာကို စာဖတ်သူရင်ထဲရောက်အောင် ပို့ပေးနိုင်တဲ့ စာရေးဆရာကတော့ အေးထွန်း (မောက်မယ်) ပါ။ ၂၀၁၂ ခုနှစ်၊ မတ်လ အတွက် ထုတ်ဝေတဲ့ မဟေသီ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရတာဖြစ်ပြီး မိဘကျေးဇူးသိတတ်စေလိုတဲ့ ရည်ရွယ်ချက်ရှိမှန်းတော့ ခေါင်းစဉ် ကြည့်ရုံနဲ့ သိသာပါတယ်။ စာတွေ ရှည်ရှည်ဖတ်ရတာထက် တိုတိုနဲ့ ထိမိတဲ့ စာတွေကို ကြိုက်တတ်တဲ့ ကျွန်တော့အတွက် ရင်ကိုလာမှန်တဲ့ ဒီစာတိုလေးကို စာဖတ်ဝါသနာရှင် ကျွန်တော့မိတ်ဆွေတွေ ဖတ်နိုင်အောင်လို့လည်း ဝေမျှလိုက်ပါတယ်ဗျာ။ (သီဟလုလင်)


မြင်းမိုရ်တောင်ကို ရွှေ့သူများ

ကြီးမေလှမှာ သားနှစ်ယောက်ရှိတယ်။ သားအကြီးက အစိုးရ ဝန်ထမ်းလုပ်ရင်း ရှမ်းပြည်နယ်မှာပဲ အခြေချနေတယ်။ သားအငယ်က ရွာမှာပဲ အိမ်ထောင်ကျပြီး ကြီးမေလှနဲ့ အတူနေတယ်။ မုဆိုးမကြီး ဖြစ်တဲ့ ကြီးမေလှဟာ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က သားအကြီးမိသားစုနဲ့ အတူလိုက်နေဖူးတယ်။ ချွေးမက တိုင်းရင်းသူဆိုတော့ မပြောတတ်၊ မဆိုတတ်၊ မပေါင်းတတ်တာနဲ့ တစ်နှစ်လောက်ပဲနေပြီး ရွာကို ပြန်လာခဲ့တာ။

ရွာမှကျတော့လည်း တစ်မျိုး၊ သားအငယ်ရဲ့ မိန်းမကို ကြီးမေလှက ကြည့်လို့ရတာမဟုတ်ဘူး။ တစ်အိမ်တည်းသာ အတူနေတယ် ယောက္ခမနဲ့ ချွေးမ အပြောအဆို၊ အပေါက်အလမ်း၊ မတည့်ကြဘူး။ ကြီးမေလှကလည်း နံနက်လင်းတာနဲ့ ချွေးမချက်ထားတဲ့ ထမင်းဟင်းကို ချိုင့်ထဲခူးခပ်ထည့်ပြီး ရွာအနောက်ပိုင်းက (ကြီးမေလှတို့ မိဘပိုင် အိမ်ဖြစ်ခဲ့တဲ့) ညီမအငယ်ဆုံးအိမ်ကို သွားလည်နေလိုက်တာပဲ။ အဲဒီအိမ်မှာ ရေနွေးထိုင်သောက်လိုက်၊ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး စာအုပ်လေးဖတ်လိုက်၊ ထမင်း ထစားလိုက်၊ တစ်ရေးတစ်မောအိပ်လိုက်နဲ့ ညနေစောင်းမှပဲ အိမ်ကို ပြန်လာတော့တယ်။ သားအငယ်ကလည်း မိန်းမနဲ့ အမေရဲ့ ဇာတ်လမ်းကိုသိတယ်။ မိန်းမကိုလည်း မပြောချင်၊ အမေ့ကိုလည်း မပြောရက်တော့ စိတ်ညစ်ညစ်နဲ့ အရက်ကိုပဲ ဖိသောက်နေတော့တာပဲ။ တစ်နေ့တစ်နေ့ ကြီးမေလှကို ကျွေးထားရတဲ့ကိစ္စကိုပဲ မိန်းမက စောင်းချိတ်ပြောနေတော့ သားအငယ်လည်း စိတ်ညစ်လာတယ်။ ဒါနဲ့ တစ်နေ့ အစ်ကိုကြီးဆီကို ဖုန်းဆက်လိုက်တယ်။

“အစ်ကိုရေ... အမေ့ကို ကြည့်ရတာ ဒီမှာ မပျော်ဘူးထင်တယ်။ မင်းဆို့ဆီမှာ သွားနေချင်တဲ့ပုံပဲ။ စိတ်ပြေလက်ပျောက်ရှိအောင် အမေ့ကို မင်းတို့ဆီမှာ ခဏခေါ်ထားကြည့်ပါလား။ သူပျော်ရင်လည်း တစ်နှစ်၊ နှစ်နှစ် နေပါစေပေါ့။ မပျော်တော့လည်း နှစ်လ၊ သုံးလ ရှိရင် ကျွန်တော်လာခေါ်မယ်လေ။ ပြီးတော့ ဒီမှာက ရာသီဥတု အရမ်းပူတယ်။ အမေ့ကျန်းမာရေးအတွက် မကောင်းဘူး။ ရှမ်းပြည်နယ်ဆိုတော့ အမေလည်း နေလို့ထိုင်လို့ ကောင်းတာပေါ့။”

သားအငယ်က အဲလိုပြောတော့ သားအကြီးက တဟဲဟဲ ရယ်ရင်း ပြန်ပြောတယ်။

“အမေပျော်မယ်ဆိုရင်တော့ ငါက ခေါ်ထားပါတယ်။ ဒါပေမယ့် မင်းအစ်မက တိုင်းရင်းသူဆိုတော့ အမေနဲ့ အစေးမကပ်ဘူးကွ။ အမေ့ကို သေချာမေးကြည့်ပါဦး။ ပြီးတော့ ဒီမှာက ရာသီဥတု တအားအေးတယ်။ အမေနေနိုင်ပါ့မလားဘဲ။ အဲဒါလည်း ထည့်တွက်ဦး။ ငါကတော့ အမေလာနေမယ်ဆို အချိန်မရွေးခေါ် ပါတယ်။ ရာသီဥတု အေးတာကို စိုးရိမ်နေလို့ မခေါ်သေးတာ။” တဲ့။

သားနှစ်ယောက်ကတော့ ဖုန်းဆက်ပြီး ကြီးမေလှကို ဟိုပို့ ဒီပို့ ပို့နေကြတယ်။ ကြီးမေလှကတော့ အဲဒါတွေကို ဘာမှမသိဘဲ သူ့မိဘပိုင် ညီမအငယ်ဆုံးရဲ့ အိမ်မှာ စကားလက်ဆုံကျရင်း တဟားဟားနဲ့ ရယ်လို့မောလို့။.

* * *
အေးထွန်း (မောက်မယ်)

3 comments:

ချစ်စံအိမ် said...

လာရောက်ဖတ်နေပါကြောင်း

လွင်ပြင်လှိုင်းငယ် said...

ဖတ်သွားပါကြောင်း

Yin Sue said...

ကိုသီဟရေ...ဖတ်သွားပါတယ်...အဲဒီလို ရင်ကိုမှန်သောစာတိုလေးများကိုလည်း ဆက်ဆက်အားပေးပါမယ်......ကောင်းပါတယ်ဗျာ....ကျေးဇူးပါ.....