Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, September 02, 2012

သက်သေတော် (ဒေသနာတော်)


ဒီတစ်ပတ် တနင်္ဂနွေမှာလည်း အသင်းတော်နှင့် ဝေးကွာနေကြရတဲ့ ယုံကြည်သူများ ခွန်အားယူနိုင်ဖို့ရာ ဓမ္မဒေသနာတော်များကို ဆက်လို့ ဝေမျှပေးသွားပါမယ်။ ယခုပတ်တိုင် ဒေသနာတော်များကို ဝေမျှခွင့်ရလို့ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဆရာကြီး ဦးတင်မောင်ထွန်း ဝေငှခဲ့တဲ့ "သက်သေတော်" ဒေသနာကို ထပ်ဆင့် ဝေမျှပေးလိုက်ရပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!


သက်သေတော် (ဆရာကြီး ဦးတင်မောင်ထွန်း)

လောကကြီးထဲ၌ မိသားစုများစွာ ရှိကြပါသည်။ အချို့မိသားစုများက မိသားစုဝင်အချင်းချင်း အပြန်အလှန် မေတ္တာနှင့် ဆက်ဆံကြသော်လည်း အချို့မိသားစုများ၌ အချင်းချင်း မေတ္တာနှင့် ဆက်ဆံမှု မရှိကြပါ။ တစ်ဦးနှင်း တစ်ဦး ဆက်သွယ်ပြောဆိုကြသော်လည်း မေတ္တာ မပါကြပေ။ ဘုရားသခင်မှာမူ လူနှင့် နီးနီးကပ်ကပ် မိဿဟယဖွဲ့၍ သွားလာလိုသည်ဖြစ်၍ လူကို မဖန်ဆင်းမီကပင် ဧဒင်ဥယျာဉ်ကို ဖန်ဆင်းထား ပါသည်။ ထိုဥယျာဉ်၌ လူအတွက်လိုအပ်သော စားပင်၊ သီးပင်အမျိုးမျိုးကို ဖန်ဆင်းပေးထားပါသည်။ လူသည် အစားအသောက်အတွက် အဝေးကြီးကို လျှောက်သွားရာမလိုပါ။ ပြီးမှ လူသည် တစ်ယောက်တည်း ဖြစ်သဖြင့် သူ့အတွက် တော်လျော်သော အထောက်အမအဖြစ် မိန်းမကို ဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။ ဘုရားသခင်သည် ညနေတိုင်း လူနှင့်လာ၍ ရင်းရင်းနှီးနှီးမိဿဟယ ဖွဲ့၍ သွားလာခဲ့ပါသည်။ သို့သော် ထိုမိဿဟယသည် လူ၏ စကားနားမထောင်မှုကြောင့် ပျက်သွားခဲ့ရပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူနှင့် နီးကပ်စွာ မိဿဟယ ဖွဲ့၍ သွားလာနိုင်ဖို့ရန် ထပ်မံ၍ စီစဉ်ပြင်ဆင်ခဲ့ပါသည်။


သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်း၍

(ကမ္ဘာ၊ ၁၂) ရောက်လာသည့်အခါ ဘုရားသခင်သည် လောကကြီးထဲရှိ လူများထဲမှ အာဗြံကို ခေါ်တော်မူ၍ သူ၏ အမျိုးသားချင်း ပေါက်ဖော်များထဲက ထွက်စေပြီး သူ့အား လူမျိုးကြီး ဖြစ်စေမယ်ဟု ကတိတော် ပေးပါသည်။ ဘုရားသခင်က လူမျိုးကြီးဟု ဆိုသည်ကို လူက လူအများကြီးဟု မှတ်ထင်ပါသည်။ လူမျိုးကြီးဟူသည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်လျက် ဆက်ဆံသွားလာနေသောသူ ဖြစ်ပါသည်။ အာဗြံသည် အချိန်အတန်ကြာသည့်တိုင် ကလေးမရပါ။ လူ့သဘာဝအရ ကလေးမရနိုင်တော့သည့် အချိန် ရောက်မှ ကတိတော်နှင့်ဆိုင်သော သားကို ရပါသည်။ နောက်တွင် တဖြည်းဖြည်း လူမျိုးတော်က ပွားလာပြီး (ထွ၊ ၁) တွင် ယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်လာသော ဣသရေလ လူပေါင်းက ခုနစ် ဆယ် ဖြစ်လာသည်။ လူက များလာသော်လည်း လူမျိုးကြီးဝင်သူက နည်းပါသည်။။ နှစ်ပေါင်းလေးရာ တိုင်တိုင် ဣသရေလလူတို့၌ ဘုရားသခင် ဆက်သွယ်သော နှုတ်ကပတ်တော် ပျောက်သွားပြီးနောက် (ထွ၊ ၃) ရောက်လာသည့်အခါ မောရှေကို ခေါ်တော်မူ၍ ဆက်သွယ်မှု ပြုပါသည်။
"ငါသည် သင့်အဘ၏ ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇက်၏ ဘုရား၊ ယာကုပ်၏ ဘုရား ဖြစ်သည်ဟူ၍ လည်းကောင်း မိန့်တော်မူ၏။" (ထွ၊ ၃း၆)
ထို့နောက် လူမျိုးတော်အား နို့နှင့် ပျားရည်စီးသော ပြည်သို့ ပို့ဆောင်မည်ဟု ကတိတော် ပေးပါသည်။ နှုတ်ကပတ်တော်၌ သဘာဝသဏ္ဍာန် ရှိပါသည်။ လူကို ဖန်ဆင်းသည့်အခါ ဘုရားသခင်သည် ထိုသဘာဝသဏ္ဍာန်ကို လူ၏ အထဲသို့ နှာခေါင်းမှ မှုတ်သွင်းတော်မူလိုက်ပါသည်။
"တဖန် ဘုရားသခင်က၊ ငါတို့ ပုံသဏ္ဍာန်တော်နှင့် တညီ တသဏ္ဍာန်တည်းလူကို ဖန်ဆင်းကြစို့။" (ကမ္ဘာ၊ ၁း၂၆)

အာဒံသည် နှုတ်ကပတ်တော်အရှင်နှင့် အဆက်ရှိပါသည်။ ဘုရားသခင်သည် အာဒံကို မဖန်ဆင်းမီ လောကဓါတ်နှင့် လောကအရာများ၊ သစ်ပင်ပန်းမန်နှင့် သားယဉ်သားရဲ၊ ကုန်းနေ၊ ရေနေ သတ္တဝါ၊ မိုးကောင်းကင်၌ ပျံသောငှက်များ ဖြစ်စေဟူသော နှုတ်ထွက်အမိန့်တော်အားဖြင့် ဖန်ဆင်းတော်မူပါသည်။ ဘုရားသခင်သည် ထိုအရာများကို ဖန်ဆင်းထားတော်မူခဲ့ကြောင်း ကျွန်ုပ်တို့ မည်သို့ သိကြပါသနည်း။ ရေးသားထားသော နှုတ်ကပတ်တော်ကြောင့် သိခြင်း ဖြစ်ပါသည်။ သို့သော် စာ အနေနဲ့ ရေးသားထားသော နှုတ်ကပတ်တော်ကို ဉာဏ်နှင့် စဉ်းစားဆင်ခြင်၍ နားမလည်နိုင်ပါ။ နှုတ်ကပတ်တော်ကို စာအနေနှင့် ရေးသားဖော်ပြထားသော်လည်း ထိုရေးသားမှု အားလုံးသည် ဝိညာဉ်တော် မှုတ်သွင်းတော်မူခြင်းအားဖြင့် ဖြစ်၍ ထိုစကားကို နားလည်နိုင်ဖို့ရန် လူကိုလည်း ဘုရားသခင်သည် ဝိညာဉ်တော် မှုတ်သွင်းထားတော်မူသည် ဖြစ်၍ သူသည် စာအားဖြင့် ဖတ်၍ သိပြီး၊ ဝိညာဉ်တော်ဖော်ပြမှုအားဖြင့် သဘောပေါက် နားလည်ဖို့ ဖြစ်ပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်က ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသောသူတို့သည် ဘုရားသခင်၏ သား ဖြစ်ကြ၏ ဟု ဆိုထားပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော် ရရှိမထားသောသူသည် ဘုရားသခင် နှင့် မဆိုင်၊ ဘုရားသခင်၏ ဆုံးမမှုကိုလည်း မခံရ၊ ဘုရားသခင်၏ ဖော်ပြမှုကိုလည်း မသိပါ။ ဘုရားသခင်သည် မေတ္တာရှိသလို၊ သစ္စာရှိသည်။

တန်ခိုးတော်နှင့် ဉာဏ်တော်က အနန္တဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ သဘာဝသဏ္ဍာန်တော် ဖြစ်ပါသည်။ ဘုရားသခင်ကို မမြင်ရပါ။ ဘုရားသခင်နှင့် သဟာယရှိသော သူနှင့် မရှိသောသူသည် များစွာ ခြားနားပါသည်။ လောကီလူများက ကိုယ်ခန္ဓာနှင့် စိတ်က တွဲဖက်နေပြီး လောကအရာများကို စူးစမ်းသိနိုင်သော်လည်း ဝိညာဉ်သက်က ရှင်သန်မှုမရှိ၍ ဘုရားသခင်နှင့် အဆက်အသွယ် မပြုနိုင်ပါ။ ကျွန်ုပ်တို့မှာမူ ကိုယ်ခန္ဓာနှင့် စိတ်သာမကပါ။ ဘုရားသခင် နှင့် သဟာယပြုနိုင်သော ဝိညာဉ်အသက်ရှင်သန်မှုရှိ၍ ဘုရားသခင်၏ သဘောတော်ကို သိနိုင်သည်။ ဆုံးမပဲ့ပြင်မှုကို ခံစား သိနိုင်ပါသည်။


ဘုရားသခင်နှင့်အတူ သွားလာခြင်း၏ အကျိုး

နှုတ်ကပတ်တော်ရှင်သည် လူကို စကားပြောပါသည်။ ဘုရားရှင်သည် အာဒံကို စကားပြောပါသည်။ ထို့အတူ အပြစ်ပြုမိပြီးသော ကာဣနကိုလည်း စကားပြောပါသည်။ ဤအမှုကို ဆင်ခြင်သည့်အခါ လူသည် ဘုရားသခင်၏ စကားကို နားနှင့် နားထောင်သည်ဟု မြင်စရာရှိပါသည်။ ဘုရားသခင်သည် လူကို စိတ်ဝိညာဉ်နှင့်လည်း ဆက်သွယ်၍ သိစေပါသည်။ လူ၌ ဘုရားသခင် ဖန်ဆင်းခြင်း သဘာဝတွင် နှစ်ပိုင်း ရှိပါသည်။ ပထမက မြေကြီးမှ လာသော ခန္ဓာပိုင်း ဖြစ်ပြီး ဒုတိယဘုရားသခင်၏ သဘာဝသဏ္ဍာန် ဖြစ်သော လူ့နှာခေါင်းမှ မှုတ်သွင်းတော်မူသည့် နာမ်ဝိညာဉ်နှင့် ဆက်ဆံမိဿဟယပြုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်က သိစေသည်မှာ -
"ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။" (ယော၊ ၄း၂၄) ဟူ၍ ဖြစ်သည်။

ယနေ့လူအများတို့က ဘုရားကို ပါးစပ်နှင့်သာ ကိုးကွယ်ကြသည်။ ဘုရားသခင်ကို စိတ်နှလုံးနှင့် ဝိညာဉ်နှင့် တမ်းတပြီး ကိုးကွယ် ဆည်းကပ်ရမည် ဖြစ်သည်။ လူက နှုတ်ကပတ်တော်ကို ကြည့်သည့်အခါ စာအနေနှင့် တွေ့ရသော်လည်း ထိုစာစကားကို နှုတ်ကပတ်တော်ရှင်က အာမခံထားပါသည်။ (ကမ္ဘာ၊ ၅) တွင် ဘုရားသခင်သည် ဧနောက်၏ အချိန်ကာလက နှစ်ပေါင်း သုံးရာ ဖြစ်ပါသည်။ ဧနောက်သည် ခြောက်ဆယ့်ငါးနှစ်အထိ မိမိ စိတ်သဘောကျ သွားလာခဲ့သော်လည်း ကျန်ရှိသော နှစ်ပေါင်း သုံးရာလုံးလုံး ဘုရားသခင်နှင့်အတူ သွားလာခဲ့သဖြင့် နောက်ဆုံးရလာဒ်က သေခြင်းကို မတွေ့ရပါ။ ဧနောက်သည် အသက်ရှင်လျက်နှင့် ဘုရားသခင်၏ သိမ်းယူခြင်းကို ခံခဲ့ရပါသည်။ (ကမ္ဘာ၊ ၅း၂၄) ရေးသားထားသော နှုတ်ကပတ်တော်၏ အာမခံက ဘုရားသခင် ဖြစ်သည်။ နှုတ်ကပတ်တော်ကို သိဖို့ ဦးစွာ စာအနေနှင့် ဖတ်ရသည်။ ထိုသို့ သိလာသော အရာရှိလာဖို့၊ နားလည် သဘောပေါက်လာဖို့ ဘုရားသခင်နှင့် အဆက်ဖြစ်ဖို့ လိုပါသည်။ သို့မှသာ ဝိညာဉ်တော်နှင့် သွားလာနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက်တာ၌ ဝိညာဉ်တော်နှင့် သွားလာနိုင်ဖို့ရန် ဘုရားသခင်နှင့် အဆက်ဖြစ်ဖို့ လိုပါသည်။ ဓမ္မသစ်ကာလအစတွင် ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့် ယဇ်ပုရောဟိတ်များက မေရှိယ ကို စောင့်နေကြသည်။ ရေးသားထားသော နှုတ်ကပတ်တော် စကားအရ သိ၍ ဖြစ်သည်။ သို့သော်၊ သူတို့၌ ဝိညာဉ် အသက်မရှိသေးပါ။ (မဿဲ၊ ၂) တွင် မာကုပညာရှိ တို့သည် ကောင်းကင်ယံကို ကြည့်ပြီး ယုဒရှင်ဘုရင် ဘွားမြင်ကြောင်း သိ၍ ဖူးတွေ့ပူဇော်ဖို့ရန် ရောက်လာပြီး ဟေရုဒ်မင်းကြီးအား မေးမြန်း ပါသည်။

ထိုအခါ ကျမ်းတတ်ပုဂ္ဂိုလ်များကို မေးမြန်း၍ ကျမ်းစကားအရ နေရာကို ဖော်ပြကြပါသည်။ ကျမ်းစကားအရ မှန်ပါသည်။ မေရှိယကြွလာမည့်အကြောင်းလည်း သိကြပါသည်။ ယနေ့အတိတ်က ဣသရေလလူတို့နှင့်အတူ ဘုရားသခင် သွားလာခဲ့ကြောင်းကိုသာ ပြောနေဖို့ မဟုတ်ပါ။ ကျွန်ုပ်တို့ အသက်တာ၌ နှုတ်ကပတ်တော်သက်သေ မည်မျှ ရှိသနည်း။ ဆင်ခြင်၍ သတိပြုကြဖို့ လိုပါသည်။ ဟေရုဒ် မင်းနှင့် ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ကျမ်းစာဖော်ပြချက်အရ ယုဒပြည် ဗက်လင်မြို့၌ သခင်ယေရှု ဘွားမြင်မည်ကို သိကြသော်လည်း သွားမကြည့်ကြပါ။ သိုးထိန်းတို့က သွားကြည့်ပြီး ဝမ်းမြောက်ခြင်းနှင့် ပြန်သွားကြပါသည်။ ယနေ့ နှုတ်ကပတ်တော်ကို စာအနေနှင့် ဖတ်၍ သိကြသော်လည်း ထိုနှုတ်ကပတ်တော်၏ သက်သေကို ရကြပါသလား။ ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကျမ်းစာအရ မေရှိယကို မျှော်နေကြသော်လည်း ကိုယ်တော် ဘွားမြင်ကြောင်း ကြားရသည့်အခါ ဝမ်းမြောက် ရမည့်အစား စိတ်ပူကြသည်ကို တွေ့ရသည်။ ယနေ့ ကျွန်ုပ်တို့ အသက်တာ၌ ထိုသို့ ဖြစ်နေပါသလား။


ဝိညာဉ်တော်၏ ဖော်ပြမှုအားဖြင့်

ဝါသလရွာကလေးရှိ နွားကျောင်းနေသော အသက် ၇၀ ကျော် လူကြီးတစ်ဦးသည် သမ္မာကျမ်းစာ ဒါနပြုအဖွဲ့မှ ပေးသော စာအုပ်ကို ဖတ်ပြီး နှလုံးသားအတွင်း၌ ဝိညာဉ်တော်၏ ပြုပြင်မှုအားဖြင့် အသက်တာ ပြောင်းလဲ သွားခဲ့ပါသည်။ ထို့နောက်၊ သမီးဖြစ်သူလည်း ပြောင်းလဲသွားခဲ့ ပါသည်။ ရေးသားထားသော နှုတ်ကပတ်တော်သည် စာဖြင့် ဖြစ်သော်လည်း အသက်ရှုတော်မူသော ဘုရားသခင်၏ နှုတ်တော်ထွက်စကားတော်များ ဖြစ်၍ တန်ခိုး ပါပါသည်။
"အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။" (ယော၊ ၁း၁)
ထိုနှုတ်ကပတ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင် ဖြစ်ပါသည်။ ရေးသား ထားသော နှုတ်ကပတ်တော်စကားကိုမူ လူပေါင်း လေးဆယ်ခန့်က ဘုရားသခင်၏ ဝိညာဉ်တော် ဖော်ပြမှု အားဖြင့် ဗျာဒိတ်ရူပါရုံအားဖြင့် ရေးသားစေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်အရှင်နှင့် မိဿဟယဖွဲ့သည့်အခါ ကိုယ်၊ စိတ်၊ ဝိညာဉ် သုံးဖြာသော ဆက်သွယ်မှုဖြင့် မိဿဟယဖွဲ့ကြဖို့ ဖြစ်ပါသည်။
ထိုသို့ ဆက်သွယ်မိဿဟယဖွဲ့မှုသည် အိမ်ထောင်များ၌ နည်းနေပါသလား၊ အသင်းတော်၌ နည်းနေပါသလား။ တစ်ဦးခြင်း အသက်တာ၌ နည်းနေပါသလား။ ထိုသို့ နည်းနေပါက မည်သူ ရှုံးမည်နည်း။ ဘုရားသခင် မရှုံးပါ။ ထိုသို့သော မိဿဟယ မရှိသောသူများသာ ရှုံးကြမည် ဖြစ်သည်။ ရေးသားထားသော သမ္မာကျမ်းစာ၌ အသက်ရှင်သော ဘုရား၏ အာမခံချက် ပါရှိပါသည်။

နှုတ်ကပတ်တော်သည် သိသလောက် လိုက်လျှောက်ပါက အရှိ ဖြစ်နိုင်ပါသည်။ နှုတ်ကပတ်တော်ကို သိပြီး လိုက်မလျှေက်ပါက ပြုံးနိုင်မည် မဟုတ်။ သခင်ယေရှုက သင်တို့သည် ငါ့နာမကို အမှီပြုပြီး တစ်စုံတစ်ခုသော ဆုကို တောင်းလျှင် တောင်းသည့်အတိုင်း ငါပြုမည်ဟု မိန့်တော်မူသည့်အတိုင်း တောင်းကြပါသလား။ အမှန်တကယ် တောင်းသောသူများက သက်သေရကြမည် ဖြစ်ပါသည်။ မတောင်းသောသူများမှာမူ အသက်ရှင်သော ဘုရားက ကတိပေးထားပါလျက် မတောင်း၍ သက်သေရမည် မဟုတ်ပါ။ ထိုသို့ သက်သေ မရသေးသူများ အတွက် ယနေ့ သမ္မာကျမ်းစာအသင်းကြီးက လုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့ တတ်နိုင်သမျှ ပါဝင်ကြခြင်းအားဖြင့် ထိုလုပ်ဆောင်မှု၌ ပါဝင်နိုင်သလို၊ သက်သေ မရသေးပါကလည်း နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်ကြခြင်းအားဖြင့် သက်သေကို ရပြီး အသက်တာ၌ ဝမ်းမြောက်ခြင်းကို ခံစားနိုင်ဖို့ရန် မေတ္တာနှင့် အသိပေး ဝေငှလိုက်ပါသည်။

1 comments:

မဆွေ said...

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်.........
ဘုရားပြောင်းလိုက်မယ်..............D):